တာချီလိတ်မြို့နယ် စည်ပင်မှ CDM ဝန်ထမ်း (၁၅)ဦး ရာထူးတာဝန်ကနေ ထုတ်ပယ်ခံရ

တာချီလိတ်မြို့နယ် စည်ပင်မှ CDM ဝန်ထမ်း (၁၅)ဦး ရာထူးတာဝန်ကနေ ထုတ်ပယ်ခံရ
အောက်တိုဘာ 8, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနထဲက ပြည်သူနှင့်အတူ ရပ်တည်ပြီး CDM လုပ်ဆောင်သူ (၁၅)ဦးကို ပြည်နယ်စည်ပင် ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရာထူး တာဝန်ကနေ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ဒီလိုလုပ်ရင် ဒီလိုခံရမယ်ဆိုတာလည်း အစကထဲက ကြိုတင်မျှော်လင့်ထားပြီးသားမို့ ဝမ်းမနည်းပါဘူး။ အဓိက ကတော့ အာဏာရှင်စနစ်အပြီးတိုင် ပျက်သုန်းဖို့အတွက် ကိုယ်နိုင်ရာ အခန်းကဏ္ဍကနေ ပါဝင်ပေးနိုင်တာကိုပဲ ဝမ်းသာပီတိဖြစ်ရပါတယ်

ဟု CDM လုပ်ဆောင်မှုကြောင့် ထုတ်ပယ်ခံရသူ စည်ပင်ဝန်ထမ်းတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၈)ရက်နေ့တွင် ပြောသည်။

CDM လုပ်ဆောင်၍ ထုတ်ပယ်ခံရသူ (၁၅)ဦးတွင် ဒုတိယဦးစီးမှူး (၁)ဦး၊ ဌာနခွဲစာရေး(၁)ဦး၊ အကြီးတန်းစာရေး (၁)ဦး၊ အငယ်တန်း အင်ဂျင်နီယာ - ၃ မှ (၃)ဦး၊ ယန္တရားမောင်း - ၃ (၁)ဦး၊ အငယ်တန်းစာရေး (၁)ဦး၊ အငယ်တန်းလက်နှိပ်စက်ရိုက် (၁)ဦး၊ အခွန်ကောက် - ၅ (၄)ဦး နှင့် စည်းကမ်းထိန် - ၄ ( ၂)ဦး တို့ ပါဝင်သည်။ 

အလားတူ မိုင်းယန်းမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိဖြစ်သူ ဒုတိယဦးစီးမှူး ဦးဂျာထီးလည်း CDM လုပ်ဆောင်၍ ရာထူးတာဝန်ကနေ ထုတ်ပယ်ခံရသည်။

ရှမ်းပြည်နယ်အတွင်း CDM လုပ်ဆောင်သည့် စည်ပင်ဝန်ထမ်းများကို ပထမအဆင့်တွင်  တာဝန်မှ ယာယီရပ်ဆိုင်းကြောင်းစာများထုတ်ခဲ့ပြီးနောက် ယခုအခါမှာ စက်တင်ဘာလ၏ နောက်ဆုံးပတ်အတွင်းက ထုတ်ပယ်စာကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

 

 

ဆက်စပ်သတင်း

 ရာထူးတာဝန်ကနေ ထုတ်ပယ်ခံရခြင်းသည် တော်လှန်ရေးကာလအတွင်း အသက်ပေးစွန့်လွတ်သွားသူများထက် စာရင် ပြောပလောက်သည့် ကိစ္စမဟုတ်ကြောင်း ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံရသည့် မိုင်းယန်း CDM စည်ပင်အမှုဆောင် ပြောကြား

ရှမ်းပြည်နယ်အတွင်း စည်ပင်ဌာန၏ အတွင်းသတင်းများ သတင်းဌာနများသို့ မပေါက်ကြားရေး ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဝန်ထမ်းများအားလုံးကို လက်မှတ် ထိုးခိုင်း