တာချီလိတ်မြို့မရဲစခန်းနှင့် (၃၅၀)မီတာဝန်းကျင်သာ ဝေးသည့် တံတားအောက်တွင် အခြေချပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ 

တာချီလိတ်မြို့မရဲစခန်းနှင့် (၃၅၀)မီတာဝန်းကျင်သာ ဝေးသည့် တံတားအောက်တွင် အခြေချပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ 
အောက်တိုဘာ 7, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၌ တာချီလိတ်မြို့မရဲစခန်းနှင့် (၃၅၀)မီတာဝန်းကျင်တာ ကွာဝေးသည့် တံတားအောက်တွင်   အခြေချနေထိုင်ပြီး  မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုများ ပြုလုပ်နေပြီး လူငယ်များလည်း လာရောက်နေသည့်အတွက် ရပ်ကွက်အတွင်းနေ ပြည်သူများက စိုးရိမ်နေကြကြောင်း သိရသည်။

နေရာက ဈေးနဲ့လည်းနီးနီးလေး၊ လူနေအိမ်တွေနဲ့လည်း နီးနီးလေးနောက်ပြီး ရဲစခန်းနဲ့လည်း သိပ်မဝေးဘူး။ သူတို့ကတော့ အေးအေးဆေးဆေးပဲ တံတားအောက်မှာ   မူးယစ်ဆေးဝါး ရောင်းတာတွေ သုံးစွဲတာတွေ လုပ်နေတယ်။ တခါတလေ လူငယ်လေးတွေတောင် လာသေးတယ်။ ဘေးပတ်ဝန်းကျင်က လူတွေကလည်း တခုခုဖြစ်မှာကို စိုးရိမ်နေကြတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၆)ရက် ပြောသည်။

အဆိုပါ နေရာမှာ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း မြို့မဈေးအနီး နှင့် ကိုးမြို့ရှင်နတ်နန်းအဆင်းရှိ တံတားအောက်တွင်ဖြစ်သည်။

လူငယ်လေးတွေ တံတားအောက်ထဲ ဝင်ဝင်သွားကြတာတွေ့တယ်။ ထီးတွေ အကာတွေနဲ့ကာထားပြီး ဆေးလုပ်နေကြတာတွေ့ရတယ်။ တားမြစ်မဲ့လူလည်းမရှိ။ ကျွန်မတို့လည်း ကြောက်လို့ မပြောရဲဘူး၊ ရဲလှည့်ကင်းကားတွေတော့ အဲ့တံတားပေါ်ကနေ ဖြတ်ဖြတ်သွားတာပဲ။

ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် တဲများထိုးပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲသည့်နေရာများအဖြစ် မြို့မသုဿန်ဟောင်း(ကျောက်တောင်)တွင် ပေါများပြီး ယခုအခါမှာ မြို့ထဲသို့ တစတစ ပြောင်းရွှေ့လာပြီး များပြားလာသည်ဟု သိရသည်။