ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ပြည်တွင်းမှ ကုန်စည်စီးဆင်းမှုတွင် တရားမဝင် ငွေကြေးကောက်ခံခြင်းမရှိစေရေး ပြည်နယ်က ညွှန်ကြားထား

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ပြည်တွင်းမှ ကုန်စည်စီးဆင်းမှုတွင် တရားမဝင် ငွေကြေးကောက်ခံခြင်းမရှိစေရေး ပြည်နယ်က ညွှန်ကြားထား
စက်တင်ဘာ 20, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ပြည်တွင်းမှ ကုန်စည်စီးဆင်းမှုတွင် တရားမဝင် ငွေကြေးကောက်ခံခြင်းမရှိစေရေး ပြည်နယ်က ညွှန်ကြားထား
တာချီလိတ်နှင့် မယ်ဆိုင်ကြား ကုန်စည်ကူးသန်းမှု အကန့်အသတ်ဖြင့် ဆောင်ရွက်လာပြီးနောက် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ပြည်တွင်းမှ ကုန်စည်ကူးသန်းရေးလမ်းကြောင်း တစ်လျှောက်တွင် တရားမဝင် ငွေကြေး ကောက်ခံမှု အပါအဝင် အခြားအဟန့်အတားဖြစ်စေသည့်ကိစ္စများ မရှိစေရေး ယခင်ထက်ပို၍ ကြပ်မတ်မည်ဟု သိရသည်။
 “အခုလက်ရှိ တာချီလိတ်အနေအထားပေါ် မူတည်ပြီး ပြီးခဲ့တဲ့ သောကြာနေ့ ညကပဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်လည်း ဖုန်းဆက်လာပါတယ်။ ပြည်မဘက်ကနေ တောင်ကြီး၊ အင်းလေး၊ ကလော၊ အောင်ပန်းဘက်ကနေ ဟင်းသီးဟင်းရွက်တို့၊ စက်သုံးဆီတို့ တာချီလိတ်ဘက်ကို ပြန်ဝင်လာမယ်ပေါ့။ ပြန်ဝင်မယ်ဆိုတော့ ကုန်သွယ်လမ်းတစ်လျှောက် အထူးသဖြင့်တော့ တာကော်ပေါ့နော်။ တာကော်မှာ အဖွဲ့စုံရှိတာက ရှမ်းပြည်တောင်ပိုင်းဘက် အခြမ်းဖြစ်တယ်။ ဒီဘက်အခြမ်းမှာတော့ တပ်နဲ့ရဲနဲ့ဂိတ်ရှိတယ်။ ဒီကိစ္စကို ကျွန်တော်တို့ တိုင်းကိုပြောပြထားသလို ဒီမှာရှိတဲ့ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူးကိုလည်း အကြောင်းကြားထားတယ်။ ပြီးရင် တာကော်ကနေ ဒီမှာဖြတ်လာမှာက မိုင်းပျဉ်း၊ တုံတာ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် စသဖြင့်  ခရိုင်နှစ်ခုက မြို့တိုင်း မြို့တိုင်းမှာ တာချီလိတ်ဘက်ကို ကုန်စည်စီးဆင်းမှုအတွက် သွားတဲ့အခါမှာ အဟန့်အတားမဖြစ်စေဖို့ရယ်၊ နောက်တစ်ခါ တရားမဝင် ငွေကြေးကောက်ခံတာရှိနေခဲ့ရင် ထိထိရောက်ရောက် အရေးယူဖို့ ကျွန်တော်တို့ စာထွက်ထားပါတယ်။ ဒီကြားမှာ အခက်အခဲ အကြောင်းအမျိုးမျိုးရှိခဲ့ရင် သက်ဆိုင်ရာမြို့နယ်အလိုက်ကို ဖုန်းဆက်နိုင်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့၌ ပြောသည်။
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ယခင်က မယ်ဆိုင်ဘက်မှနေ၍ ကုန်ပစ္စည်းမျိုးစုံ တင်သွင်းနေခြင်းဖြစ်သော်လည်း စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ နှစ်နိုင်ငံ ကုန်သွယ်ရေးအပေါ် ထိုင်းနိုင်ငံဘက်က တစ်ဖက်သတ် ကန့်သတ်မှုများ ပြုလုပ်လာ၍ နှစ်နိုင်ငံ နေ့စဉ် ကုန်တင်ယာဉ် (၆)စီး စီသာ ခေါက်ပြန်သယ်ယူခွင့်ပေးလိုက်ပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ ပြည်တွင်းမှ စားသောက်ကုန်၊ စက်သုံးဆီများ ပိုမိုတင်သွင်းနိုင်ရေးအတွက် ပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးလာကြခြင်းဖြစ်သည်။
တာချီလိတ်ဒေသသို့ ဒေသအသီးသီးမှ ဒေသထွက်ကုန်များ တင်ပို့မှုလည်း အဆက်မပြတ်ဝင်ရောက်လာနေရာ လမ်းတစ်လျှောက် တာကော်တံတားအပါအဝင် ဂိတ်အချို့များ၌ တရားမဝင် ငွေကြေးတောင်းခံမှုကို ကြုံရကြောင်း ကုန်ပစ္စည်းတင်သွင်းသူများထံမှ သိရသည်။
ပြည်တွင်းထွက်ကုန်များကို ပြည်ပတင်ပို့ရန် သယ်ဆောင်သည်မှလွဲ၍ အခြားအခွန်အခကောက်ခံခြင်းမရှိ၍ ကုန်ပစ္စည်းသယ်ယူမှုအပေါ် တရားမဝင်ငွေကြေးတောင်းခံလာပါက နီးစပ်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များထံ  ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ- မင်းခေါင်(Pissaya Law)

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~