NUG အစိုးရက တရုတ်နှင့် မိတ်ဖက်ဖြစ်ရန်အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသားနေ့ ဂုဏ်ပြု သဝဏ်လွှာပေးပို့

NUG အစိုးရက တရုတ်နှင့် မိတ်ဖက်ဖြစ်ရန်အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသားနေ့ ဂုဏ်ပြု သဝဏ်လွှာပေးပို့
အောက်တိုဘာ 1, 2021 | နိုင်ငံရေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တရုတ်နှင့် မိတ်ဖက်ဖြစ်ရန် အဆင်သင့်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် တရုတ်နိုင်ငံ၏ (၇၂) ကြိမ်မြောက် အမျိုးသားနေ့အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာတွင် ဖေါ်ပြထားသည်။

"မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထောက်ပံ့ခဲ့တဲ့အတွက်နဲ့ မြန်မာပြည်သူ အားလုံးအတွက် တရုတ်မြန်မာ ဆက်ဆံရေးကို လမ်းဖွင့်ပေးတဲ့ တရုတ်အစိုးရရဲ့ ကတိကဝတ်တွေအတွက် NUG အစိုးရက ကျေးဇူးတင်ကြောင်း တရုတ်အမျိုးသားနေ့ အခါသမယမှာ ဖော်ပြလိုက်ပါတယ်။ ချစ်ကြည်ရေး တိုးမြင့်အောင် ဆောင်ရွက်ရာမှာ တရုတ်နဲ့ မိတ်ဖက်ဖြစ်ဖို့ NUG အစိုးရက အဆင်သင့်ရှိနေပြီး အနာဂတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း အောင်မြင် ဖြစ်ထွန်းဖို့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံရေး အားဖြည့်ဖို့ ဆက်လက် ကတိပြုချင်ပါတယ်"ဟု NUG က ပေးပို့သည့် သဝဏ်လွှာတွင် ဖေါ်ပြထားသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်သည့် တရုတ်နိုင်ငံ၏ (၇၂) ကြိမ်မြောက် အမျိုးသားနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြုသဝဏ်လွှာပေးပို့ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၉ ) ရက်တွင်ကျင်းပသည့် ကွန်မြူနစ်ပါတီ(တရုတ်)နှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ၏ " နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့် ဆောင်ရွက် ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် NLD ပါတီကို ဖိတ်ကြားခဲ့ပြီး စက်တင်ဘာလ (၁၅) ရက်နေ့က စတင်ကျင်းပသည့် (၇၅) ကြိမ်မြောက် ကုလအထွေထွေညီလာခံ ပိတ်ပွဲနှင့် ၇၆ ကြိမ်မြောက် ညီလာခံဖွင့်ပွဲတို့တွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ ကိုယ်စားလှယ် တက်ခွင့်မပေးရန် အမေရိကန်နှင့် တရုတ် ကြိုတင်ညှိနှိုင်းသဘောတူညီမှု လုပ်ခဲ့ကြကြောင်းလည်း သတင်းများထွက်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ သဘောတူညီမှုအရ နိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ်ကို စိစစ်ရွေးချယ်ခြင်းမပြုမီကာလအထိ  မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုထားခြင်းဖြစ်သည်။



#TachileikNewsAgency