အာဏာသိမ်းခေါင်းဆောင် တက်ခွင့်မရသည့် အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ (၂၆) ရက်နေ့၌ စတင်ကျင်းပမည်

အာဏာသိမ်းခေါင်းဆောင် တက်ခွင့်မရသည့် အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ (၂၆) ရက်နေ့၌ စတင်ကျင်းပမည်
By Tachileik News Agency

မြန်မာအာဏာသိမ်းခေါင်းဆောင် တက်ခွင့်မရသည့် ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့မှစ၍ အွန်လိုင်းမှ (၃) ရက်ကြာ ကျင်းပမည်ဖြစ်သည်။

မနက်ဖြန်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်မည့် အာဆီယံအလှည့်ကျဥက္ကဌ၏ ထုတ်ပြန်ချက်မူကြမ်းတွင် အာဆီယံအထူးကိုယ်စားလှယ် အာရီဝမ်ယူစွတ်၏ မြန်မာပြည်ခရီးစဉ် စတင်နိုင်ရေးအတွက် အာဆီယံခေါင်းဆောင်များက  ဆက်လက် တိုက်တွန်းသွားရန် ပါဝင်သည်ဟု ယမန်နေ့က ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။

အာဆီယံဘုံသဘောတူညီချက်များကို ပူးပေါင်းဆောင်ရွက်မှုမရှိသည့်အတွက် မြန်မာအာဏာသိမ်းခေါင်းဆောင်အား ထိပ်သီးအစည်းအဝေးတက်ခွင့်မပြုဘဲ မြန်မာကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားရန် အောက်တိုဘာလ (၁၅) ရက်နေ့တွင် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ပြီးနောက် အာဏာသိမ်းအဖွဲ့က အာဆီယံဘုံသဘောတူညီချက်များကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်လာသည်ကိုလည်း တွေ့ရသည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖြစ် နိုင်ငံရေးရာထူးမဟုတ်သူတစ်ဦးကို ဖိတ်ခေါ်မည်ဖြစ်သည်။