RCSS အနေဖြင့် နယ်မြေသတ်မှတ်ချက်ကို လက်ခံဆွေးနွေးနိုင်မှ နှစ်ဖက်ဆွေးနွေးမှု စတင်နိုင်မည်ဟု SSPP တုန့်ပြန်

RCSS အနေဖြင့် နယ်မြေသတ်မှတ်ချက်ကို လက်ခံဆွေးနွေးနိုင်မှ နှစ်ဖက်ဆွေးနွေးမှု စတင်နိုင်မည်ဟု SSPP တုန့်ပြန်
အောက်တိုဘာ 3, 2021 | နိုင်ငံရေး| ရှမ်းတောင်
By Tachileik News Agency

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ကြား ဆွေးနွေးမှုများ စတင်နိုင်ရန်မှာ RCSS/SSA အနေဖြင့် အပြုသဘောဆောင်ပြီး နယ်မြေသတ်မှတ်ချက်များကို လက်ခံဆွေးနွေးရန်လိုအပ်သည်ဟု SSPP/SSA က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့တွင် တုန့်ပြန်ပြောကြားလိုက်သည်။

ဆွေးနွေးနိုင်ဖို့အခြေအနေက လောလောဆယ်မှာ သူတို့ဘက်က သတင်းထုတ်ပြန်ချက်ကို ကျွန်တော်တို့ကြည့်လိုက်လို့ရှိရင် ပြစ်တင်ဝေဖန်တာပဲ များပါတယ်။ အပြုသဘောတော့ မဆောင်ဘူးခင်ဗျ။ သူတို့က အပြုသဘောမဆောင်တော့ လောလောဆယ် နှစ်ဦးနှစ်ဖက်က အဲဒါကိုအရင်လုပ်မှရမယ်။ လောလောဆယ် နှစ်ဦးနှစ်ဖက်ဆွေးနွေးဖို့ဆိုတာ သူတို့ NCA လက်မှတ်ထိုးပြီး ရယူထားတဲ့ ကျွန်တော်တို့နယ်မြေတွေကို စွန့်ခွာပြီးမှ ဆွေးနွေးနိုင်မှာဖြစ်တယ်

ဟု SSPP/SSA ၏ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက Tachileik News Agency သို့ ပြောသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းထား၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာရှင်တော်လှန်နေကြသည့် ကာလအတွင်း ရှမ်းပြည်နယ်တွင် ရှင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့ကြား တိုက်ပွဲများဖြစ်ပွားနေမှုနှင့်ပတ်သက်၍ RCSS/SSA က အောက်တိုဘာလ (၁) ရက်နေ့က ထုတ်ပြန်ချက် ထုတ်ပြန်ရာ၌ ရန်သူနှင့်ပင် ဆွေးနွေးညှိနှိုင်းနိုင်သော်လည်း ညီနောင်တိုင်းရင်းသားချင်း မဆွေးနွေးနိုင်ခြင်းကို ကြီးစွာအံ့ဩရသည်ဟု ဖေါ်ပြထားမှုကို SSPP/SSA က အောက်တိုဘာလ (၃) ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ပြန်လည်ထုတ်ပြန်တုန့်ပြန်လာသည်ကို တွေ့ရသည်။

စစ်ရေးပဋိပက္ခများဖြေရှင်းရန် SSP/SSA ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖထံ စာရေးသားညှိနှိုင်းမှုအား အကြောင်းပြန်ကြားမှုမရကြောင်း RCSS/SSA ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသော်လည်း SSPP/SSA က ဇွန်လ (၁၈) ရက်နေ့ နေ့စွဲဖြင့် ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က ဗိုလ်ချုပ်ယွက်စစ်ထံ လိပ်မူ၍ အကြောင်းပြန်ထားပြီဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဲဒါကျတော့ ဟိုးလွန်ခဲ့တဲ့ ဇွန်လကတည်းက ဗိုလ်ချုပ်ကြီး ယွက်စစ်က စာရေးပြီး ကျွန်တော်တို့ကို ပို့တယ်။ သူတို့ပို့လာတာက  သူတို့က ကျွန်တော်တို့ နယ်မြေပြဿနာတွေကို အဓိကဖြစ်နေတာကို မရှင်းလင်းချင်ဘဲနဲ့ နိုင်ငံရေးဘာညာဆွေးနွေးဖို့တော့ ကမ်းလှမ်းခဲ့တယ်။ သူတို့ကျူးကျော်ထားတဲ့ နယ်မြေတွေကို စွန့်ခွာသွားဖို့ ကျွန်တော်တို့က အဓိကထားတယ်။ သူတို့က စွန့်ခွာဖို့မဆွေးနွေးချင်ဘဲ တစ်ခြားအကြောင်းအရာတွေကို ဆွေးနွေးချင်လို့ ကျွန်တော်တို့က လက်မခံထားတာပါ။

ဟု SSPP/SSA ၏ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ဆိုသည်။

လက်ရှိတိုက်ပွဲများဖြစ်ပွားနေရခြင်းမှာ RCSS က SSPP ၏ နယ်မြေများကို ကျူးကျော်လာမှုများကို မဖြေရှင်း၍ဖြစ်ပြီး SSPP အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများကို ရှောင်နိုင်ရန်ကြိုးစားခဲ့သည်ဟု ဆိုသည်။

အခုက သူတို့ကျူးကျော်ထားတဲ့ နယ်နမိတ်မျဉ်းကနေ ကျော်လိုက်တာနဲ့ ဆွေးနွေးသည်ဖြစ်စေ မဆွေးနွေးသည်ဖြစ်စေ တိုက်ပွဲက ရပ်စဲသွားမှာဖြစ်ပါတယ်။ အဲဒါက အရေးကြီးပါတယ်။ အပစ်အခတ်ရပ်စဲဖို့ဆိုတာ RCSS က အဓိကဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျူးကျော်ထားတဲ့အခါကျတော့ ကျူးကျော်ထားတဲ့နယ်မြေတွေကို အရင်တုန်းကရှိထားတဲ့ တောင်ပိုင်းနယ်နမိတ်အတိုင်းပေါ့နော်။ အရင်တုန်းက သူတို့မကျူးကျော်တော့ တိုက်ပွဲတွေကလည်း မရှိပါဘူး။ အခု ကျူးကျော်တာက နှစ်ပေါင်း (၁၀) နှစ်နီးနီးရှိပါပြီ။ အဲဒါတွေနဲ့ပတ်သက်လို့ စာလည်း အကြိမ်ကြိမ်ထုတ်ခဲ့တယ်။ လူလည်းလွှတ်ပြီးတော့ ဆွေးနွေးခဲ့တယ်။ အခုဒီစစ်ပွဲတွေ မဖြစ်အောင်ပေါ့နော်။ အဲဒါသွားပြီး အကြိမ်ကြိမ်ညှိနှိုင်းပေမဲ့ သူတို့က အကြောင်းအမျိုးမျိုးပြပြီးတော့ ငြင်းဆိုတယ်။ စွန့်ခွာရေးကိစ္စတွေကို သူတို့လည်း မလုပ်တော့ ကျွန်တော်တို့က နှစ်ပေါင်း (၅) နှစ်နီးပါးလောက် သည်းခံထားတယ် ဒီဟာတွေကို။ သည်းခံထားပြီးတော့ တိုက်ပွဲက ၂၀၁၈ ကနေစပြီး ၂၀၁၉ မှာတုန်းက တစ်ခါရပ်သွားသေးတယ်။ တစ်ခါဆွေးနွေးတာလည်း မအောင်မြင်ဘူးပေါ့။ အဲဒီတော့ ၂၀၁၉ နောက်ပိုင်းကနေ ဒီနေ့အထိပေါ့နော် တိုက်ပွဲဆက်ဖြစ်တာပေါ့။ စစ်ပွဲတွေရပ်စဲဖို့ဆိုတာ သူတို့ကသာ အဓိကပဲဖြစ်ပါတယ်။

ဟု SSPP/SSA ၏ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ဆိုသည်။



ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့အကြား ပြဿနာများဖြေရှင်းနိုင်ရေး သံဃာတော်များနှင့် ပြည်သူများက ကြိမ်ဖန်များစွာ ကြားဝင်ဖျန်ဖြေရန်ကြိုးစားသော်လည်း မျှော်လင့်သည့်ရလဒ်ကောင်းမရ၍ လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟု RCSS က ထုတ်ပြန်ထားသည်ကို တွေ့ရပြီး SSPP/SSA က RCSS/SSA သို့ပြန်ကြားသည့်စာတွင် ကနဦးခြေလှမ်းအဖြစ် မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေများကို ယခင်က နယ်နိမိတ်များသတ်မှတ်ထားသည့်အတိုင်း RCSS မှ ရှမ်းပြည်တောင်ပိုင်းတွင် တာဝန်ယူ၍ SSPP က မြောက်ပိုင်းတွင် တာဝန်ယူရန်၊ ဘုံရည်မှန်းချက်တူညီသောနေရာများတွင် ပူးပေါင်းဆောင်ရွက်ပြီး တူညီမှုမရသေးသည့်အကြောင်းအရာများကို ဆက်လက်ဆွေးနွေးသင့်သည်ဟု အကြံပြုထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်း

နယ်မြေသတ်မှတ်ခြင်းထက် ဆွေးနွေးခြင်းကသာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု SSPP ကို RCSS က ပြန်လည်တုန့်ပြန်