စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်လထပ်မံရပ်ဆိုင်းမည်ဟု ကြေညာသည့် အာဏာသိမ်းစစ်တပ်က ကရင်နှင့် ကချင်တွင် စစ်လေယာဉ်များနဲ့ ဆက်လက် ပစ်ခတ်နေ

စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်လထပ်မံရပ်ဆိုင်းမည်ဟု ကြေညာသည့် အာဏာသိမ်းစစ်တပ်က ကရင်နှင့် ကချင်တွင် စစ်လေယာဉ်များနဲ့ ဆက်လက် ပစ်ခတ်နေ
ဧပြီ 30, 2021 | နိုင်ငံရေး

အာဏာသိမ်းစစ်တပ်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို မေလ (၁) လုံးထပ်မံရပ်ဆိုင်းမည်ဟု ကြေညာသည့် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်ရှိ ကရင်လွတ်မြောက်ရေးတပ်မတော် (KNU) တပ်မဟာ ၅ နယ်မြေနှင့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်တို့တွင်   စစ်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းထားသည့်စစ်တပ်က ပြီးခဲ့သည့်လတွင်လည်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်တန့်မည်ဟု ကြေညာထားသော်လည်း ကရင်ပြည်နယ်တွင်း မတ်လ (၂၇) ရက်နေ့မှစ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်နည်းတူ ကချင်ပြည်နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်တွင် ဒေသခံများနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့်အပြင် ကရင်ပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ဒေသခံများအပြင် မြန်မာ - ထိုင်းနယ်စပ် ထိုင်းနိုင်ငံဘက်မှ ဒေသခံများပါ နေရပ်စွန့်ခွာထွက်ပြေးနေရခြင်းဖြစ်သည်။