အပစ်ရပ်ကြေညာထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ကိုးကန့်ဒေသကို ဆက်လက်တိုက်ခိုက်နေပြီး ပေါ်ပေါ်ကျေးရွာမှ ဒေသခံများ နှင်ထုတ်ခံရ

အပစ်ရပ်ကြေညာထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ကိုးကန့်ဒေသကို ဆက်လက်တိုက်ခိုက်နေပြီး ပေါ်ပေါ်ကျေးရွာမှ ဒေသခံများ နှင်ထုတ်ခံရ

အပစ်ရပ်မည်ဟု ကြေညာထားသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ကိုးကန့်ဒေသကို ဆက်လက်တိုက်ခိုက်နေပြီး ကိုးကန့်ဒေသအတွင်း ပေါ်ပေါ်ကျေးရွာမှ ဒေသခံများကို အိုက်ဖိုင်နှင့် လုံခမ်ဒေသသို့ နှင်ထုတ်နေသည်ဟု ဒေသအခြေစိုက် ကိုးကန့်သတင်းတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့၌ ဖေါ်ပြလာသည်။

ကိုးကန့်ခရှိင်၊ ဟုန်ရှင်းဒေသ၊ ရှင့်ထန်ကျေးရွာအုပ်စု၊ ပေါ်ပေါ်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်က အခြေချနေထိုင်ခဲ့ပြီး ဒေသခံများကို အခြားဒေသသို့ နှင်ထုတ်ကာ စက်တင်ဘာလ (၃၀) ရက်နေ့၌  လုံခမ်‌ဒေသသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့ကြား စက်တင်ဘာလ (၂၉) ရက်နေ့ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း မုံးကိုးခရိုင် လောက်ရီထန်၊ မုံးကိုးမြစ်အနီး၊ နာတီနှင့် နမ့်ဇလပ်ကြားတို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားသည့်အပြင် ကုန်းသာတောင်ပေါ် တပ်စွဲထားသည့် အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကိုးကန့်ဒေသကို အင်အားတိုးချဲ့နေသည့် အာဏာသိမ်းစစ်တပ်က စစ်ကူလာမည့် လမ်းကြောင်းလုံခြုံရေးအတွက် နာတီမှ ကွမ်းလုံတလျှောက်တွင် အင်အားရာကျော်သည့် အထူးတပ်ဖွဲ့စေလွှတ်ထားသည်ဟုလည်း သိရသည်။