စံမမီဆေးဝါးများ လားရှိုး ဈေးကွက်အတွင်းမရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေ

စံမမီဆေးဝါးများ လားရှိုး ဈေးကွက်အတွင်းမရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေ
ဇန်နဝါရီ 24, 2020
By Tachileik News Agency

စံမမီဆေးဝါးများ လားရှိုး ဈေးကွက်အတွင်းမရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေ

ဈေးကွက်မှ ပြန်လည်သိမ်းဆည်းနေသည့် ဆေးဝါးများနှင့် စံမညီဆေးဝါးများ ရောင်းချခြင်းမရှိစေရန် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ စည်ပင်သာယာဈေးရှိ ဆေးဆိုင်များတွင် FDA ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

လားရှိုးမြို့မဈေးရှိဆေးဆိုင်များတွင် ဈေးကွက်မှပြန်သိမ်းခိုင်းထားသည့်ဆေးများ ရှိ၊မရှိ၊ စံမညီဆေးဝါးများနှင့် မှတ်ပုံတင်မရှိသည့်ဆေးဝါးများ ရောင်းချမှုရှိမရှိကို လားရှိုးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကဦးဆောင်ပြီး သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြခြင်းဖြစ်ကြောင်းသိရသည်။

“ဆေးဝါးစစ်တာက အဓိက ဦးဆောင်စစ်ဆေးတာက FDA က စစ်ဆေးတာပါ။ အဲဒီမှာ Nitrosamine ပါဝင်လို့ ပြန်သိမ်းခိုင်းထားတဲ့ ဆေးဝါး (၇) မျိုး၊ စံမညီဆေးဝါး (၁၀)မျိုးနဲ့ မှတ်ပုံတင်မရသေးတဲ့ ဆေးဝါး (၁)မျိုး အဲဒါတွေ ဈေးကွက်အတွင်းမှာ ရောင်းချနေမှုရှိ မရှိကို လိုက်စစ်ဆေးတာပါ။ ရှိနေတယ်ဆိုရင် သက်ဆိုင်ရာ ဆေးကုမ္ပဏီတွေ ပြန်အပ်ဖို့။ မရောင်းချဖို့ လိုက်စစ်ဆေးတာပါ။ အဲဒါနဲ့အတူလိုက်ရင်း ကျွန်တော်တို့ဌာနက ကျတော့ မတ်လမှာ စတင်မယ့် ကုန်အညွှန်းအမှတ်အသားနဲ့ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတာ လုပ်တာပါ။ အခုစစ်ဆေးတဲ့ အတွင်းမှာတော့ ဈေးကွက်ကသိမ်းခိုင်းထားတဲ့ဆေးတွေ မတွေ့ခဲ့ရဘူး။ သူတို့ပြောတာက ကုမ္ပဏီက ပြန်သိမ်းထားပြီလို့လည်း ပြောပါတယ်”ဟု  စားသုံးသူရေးရာဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စစ်ဆေးမှုကို ခရိုင် FDA ၊ ခရိုင်နှင့်မြို့နယ်အဆင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံး သူရေးရာဦးစီးဌာန၊ ခရိုင်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊  မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာနတို့မှာ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် ညွှန်ကြားထားသည့် Cardil 30 Tablet ၊ Nosclav Dry Syrup၊  Sepy Dry Syrup၊  Adipin –AT Tablet ၊Brucipro Tablet ၊ Albendazole Tablet၊  Ferro BC Tablets ၊ Anasica Injection ၊ Amenor Tablet၊  Metformin Tablet ၊ 0.9% Sodium Chloride NSS solution for injection (Sodium Chloride) ၊ Aciloc Tablet ၊ Aciloc injection ၊ Neoceptin R 150 Tablet ၊ Xanidine Tablet၊ Histac 150 Tablet ၊ Rantac 150 Tablet နှင့် Rantac injection တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် စစ်ဆေးနေသည့် ဆေးဝါးများတွင် ကင်ဆာဖြစ်စေနိုင်၍ စင်္ကာပူနိုင်ငံတွင်း ဈေးကွက်မှ ပြန်သိမ်းရန်နှင့် ဆေးရုံ၊ဆေးခန်းများတွင်လည်း အသုံးမပြုရန် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့က တားမြစ်ထားသည့် ဆေးဝါးများလည်း ပါဝင်သည်ကို တွေ့ရသည်။

စင်္ကာပူတွင် တားမြစ်လိုက်သည့် Aciloc 150 Tablet 150 mg & Aciloc 300 Tablet 300 mg၊ Apo-Ranitidine Tablet 150 mg၊ Hyzan Tablet 150 mg၊ Neoceptin R-150 Tablet 150 mg၊ Vesyca Film Coated Tablet 150 mg၊ Xanidine Tablet 150 mg၊ Zantac Injection 25 mg/ml၊ Zantac Syrup 150 mg/10 ml ၊  Zantac Tablet 150 mg၊ Zynol-150 Tablet 150 mg ဆေးဝါးများတွင် Nitrosamine impurity နှင့် N-nitrosodimethylamine (NDMA) ပါဝင်သည့် နှုန်းထားသည် နိုင်ငံတကာစံချိန်စံနှုန်းအရ သတ်မှတ်ထားသည်ထက် ကျော်လွန်နေ၍ ဆေးသောက်သုံးသူများ ကင်ဆာရောဂါရနိုင်သည့် အန္တရာယ်ရှိနိုင်သဖြင့် နိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချခြင်းနှင့် သုံးစွဲခြင်းကို တားမြစ်ကြောင်း စင်ကာပူ Health Sciences Authority (HSA) က ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

အဆိုပါဆေးဝါးများမှာ အစာအိမ်နာခြင်းနှင့် ရင်ပူခြင်း၊ အစာမကြေဖြစ်ခြင်းတို့ ခံစားနေရသည့် လူနာများကို သောက်သုံးရန် ညွှန်ကြားလေ့ရှိသည့် ဆေးဝါးများဖြစ်ကြသည်။

Tachileik News Agency

ဓါတ်ပုံ - စားသုံးသူရေးရာ - လားရှိုး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~