အာဏာသိမ်းပြီးကတည်းက ဆိုင်ကယ်သူခိုး ဖမ်းမိခြင်းမရှိတော့သည့် တာချီလိတ်တွင် တစ်နေ့အတွင်း ဆိုင်ကယ်နှစ်စီး ထပ်မံခိုးယူခံရ

အာဏာသိမ်းပြီးကတည်းက ဆိုင်ကယ်သူခိုး ဖမ်းမိခြင်းမရှိတော့သည့် တာချီလိတ်တွင် တစ်နေ့အတွင်း ဆိုင်ကယ်နှစ်စီး ထပ်မံခိုးယူခံရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ ဆိုင်ကယ်ခိုးယူမှုများကို ဖမ်းဆီးသည်ကို မတွေ့ရတော့ဘဲ ဆိုင်ကယ်ပျောက်ဆုံးမှုတိုးလာနေရာ စက်တင်ဘာလ (၂၇) ရက်နေ့ကလည်း တစ်နေ့အတွင်း ဆိုင်ကယ် (၂) စီးထပ်မံခိုးယူခံရသည်ဟု သိရသည်။

တာချီလိတ်မြို့ ကြံ့ခိုင်ရေးရုံးလမ်းရှိ အဆင့်မြင့် KTV ရှေ့တွင် ယင်းနေ့ နံနက် (၂)နာရီဝန်းကျင်က ခြံတံခါးသော့ကိုဖျက်၍ Zumar X အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့် Wave i 125 အမျိုးအစားဆိုင်ကယ်တစ်စီး စုစုပေါင်း ဆိုင်ကယ် (၂) စီး ခိုးယူခံရ၍ တွေ့ရှိပါက ဖုန်း 09784495887၊ 09427950848 တို့သို့ ဆက်သွယ်ပေးရန် အသိပေးထားသည်ကို တွေ့ရသည်။

အလားတူ စက်တင်ဘာလ (၂၅) ရက်နေ့ကလည်း အာခါဈေးအောက်ဘက်လမ်းတွင် ဆိုင်ကယ်ခိုးသူက ကားနံပါတ် 9L 5595 နံပါတ်တပ်ထားသည့် ကားတစ်စီးဖြင့် ရောက်လာပြီး ဆိုင်ကယ်တစ်စီးခိုးယူသွားကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူခံရမှုဖြစ်ပွားလေ့ရှိပြီး စစ်တပ်ကအာဏာမသိမ်းမီကာလများက ဆိုင်ကယ်ခိုးမှုများကို ရဲတပ်ဖွဲ့က ရံဖန်ရံခါဖမ်းဆီးရမိမှုတွေ့ရသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်ခိုးယူမှုကို ဖမ်းဆီးရမိသည်ဟု မကြားရတော့ဘဲ နေ့ခင်းပိုင်းအချိန်များတွင်ပါ ခိုးမှုများ ခပ်စိပ်စိပ်ဖြစ်လာသည်ကို တွေ့ရသည်။

ဆိုင်ကယ်ခိုးမှုများကို ဖမ်းမိခြင်းမရှိသော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်သူဟု သံသယရှိသူများအား ရှာဖွေဖမ်းဆီးခြင်းကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ပေါင်း၍ တစိုက်မတ်မတ်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။