တာချီလိတ်မြို့ရှိ တရုတ်ဘုံကျောင်းတွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည်၊ ဘုံကျောင်းရှေ့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ပြည်သူများ အချင်းချင်း အသိပေး

တာချီလိတ်မြို့ရှိ တရုတ်ဘုံကျောင်းတွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည်၊ ဘုံကျောင်းရှေ့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ပြည်သူများ အချင်းချင်း အသိပေး
ဖေဖော်ဝါရီ 11, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ၊ ပါလျှံတရုတ်ဘုံကျောင်းတွင် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ လုံခြုံရေးများ တိုးမြှင့်ထားမည်ဖြစ်၍ အခမ်းအနား ကျင်းပနေစဉ်အတွင်း ဘုံကျောင်းရှေ့ ဖြတ်သန်းသွားမည့် ပြည်သူများကို စစ်ဆေးမှုများရှိနိုင်ရန် ဖြတ်သန်းလာခြင်း မပြုကြရန် သတိပေးပြောကြားလာသည်။

တရုတ်ဘုံကျောင်းထဲမှာ နက်ဖြန် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမှာ။ ကျင်းပချိန် ဘုံကျောင်းရှေ့ ဖြတ်သွားဖြတ်လာတွေကို စစ်ဆေးတာမျိုးတွေ လုပ်နိုင်တယ်။ ဖုန်းယူစစ်တာတွေလည်း လုပ်နိုင်တယ်။ ပြီးခဲ့တဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားတုန်းကလည်း ဘုံကျောင်းရှေ့ ဖြတ်သွားတဲ့ လူတွေကို စစ်ဆေးတာ။ ဖုန်းယူစစ်တာတွေ လုပ်တယ်။ နောက်ပြီး ဘုံကျောင်းရှေ့ ဓါတ်ပုံရိုက်ရင်လည်း သတိထားဖို့ လိုတယ်။ စစ်သား နဲ့ ရဲတွေက ဘေးနားက အဆောက်အဦး အမြင့်တွေကနေ နေရာယူပြီး စောင့်ကြည့်နေတာတွေ လုပ်လေ့ရှိတယ်။ အဲ့ဒါကြောင့် သူတို့ အခမ်းအနား ပြုလုပ်ချိန် ဖြတ်သန်းမသွားဖို့ အသိပေး ပေးပါဦး။ အလကားနေ စစ်ခံရရင် လွယ်တာမဟုတ်ဘူး

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ပြောသည်။

အဆိုပါ အခမ်းအနားသို့ ဒေသတွင်း လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ကြားထားပြီး တစ်ရပ်ကွက်လျှင်(၁၀)ဦးနှုန်းဖြင့် တက်ရောက်ရန် ခေါ်ထားကြောင်းနှင့်း အခမ်းအနားကို နံနက်(၁၀)နာရီ ဝန်းကျင်အထိ ကျင်းပနိုင်ချေရှိသည်ဟု သိရသည်။ 

တာချီလိတ်မြို့တွင် ဇန်နဝါရီလအတွင်းက အောင်မြတ်ခန်းမ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အခမ်းအနားများကို ပါလျှံ တရုတ်ဘုံကျောင်းတွင် ပြောင်းရွှေ့ ကျင်းပလာခြင်းဖြစ်ပြီး ကျင်းပနေစဉ်အတွင်း တရုတ်ဘုံကျောင်းရှေ့ နှင့် ဝန်းကျင် အပါအဝင် မနီးမဝေးနေရာများအထိ စစ်ကောင်စီ တပ် နှင့် ရဲများ လုံခြုံရေးအဖြစ် ချထားကာ ဖြတ်သန်းလာသူများကို စစ်ဆေးခြင်း ဖုန်းယူစစ်ခြင်းများပါ လုပ်ဆောင်လေ့ရှိသည်ဟု သိရသည်။