NLD အစိုးရလက်ထက်က ဘတ်ဂျက်ချထားပေးခဲ့သည့် တာချီလိတ် အရှေ့မြို့ပတ်လမ်းအတွက် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဆက်လက်လုပ်ဆောင်

NLD အစိုးရလက်ထက်က ဘတ်ဂျက်ချထားပေးခဲ့သည့် တာချီလိတ် အရှေ့မြို့ပတ်လမ်းအတွက် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဆက်လက်လုပ်ဆောင်
မေ 31, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ အရှေ့မြို့ပတ်လမ်းဖြစ်သည့် အမှတ်(၂)တံတားသို့ သွားရာလမ်းတွင် NLD အစိုးရလက်ထက်က ချပေးခဲ့သည့် ဘတ်ဂျက်များဖြင့် နိုင်လွန်ကတ္တရာ (AC)လမ်းခင်းခြင်းကို ၂၀၂၁ခုနှစ် မေလတွင်း၌ လုပ်ဆောင်နေကြောင်း သိရသည်။



 

တာချီလိတ်မြို့အတွက် AC ခင်းတဲ့ စက်တွေဆိုတာကလည်း စည်ပင်ဝန်ကြီး လုပ်ပေးခဲ့တာ။ ဘတ်ဂျက်က တစ်နှစ်ကြိုဆွဲရတာ။ NLD အစိုးရ လက်ထက်က ဆွဲခဲ့တဲ့ ဘတ်ဂျက်ပေါ့။ လမ်းက အခုမှ လုပ်တာ

ဟု ပြည်နယ်စည်ပင်မှ အမည်မဖော်လိုသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီက တာချီလိတ်မြို့၏ အရှေ့မြို့ပတ်လမ်းကို  နိုင်လွန်ကတ္တရာလမ်းအဖြစ် ခင်းနိုင်ရန်အတွက် (၁)နှစ်ကြိုတင်၍  ဘတ်ဂျက်လျာထားကာ ၂၀၂၀-၂၀၂၁ ခွင့်ပြုရန်ပုံငွေ ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းခဲ့ပြီး နိုင်လွန်ကတ္တရာခင်းနိုင်ရန်အတွက် စက်ယန္တားများကို ၂၀၂၀ခုနှစ်၏ အစတွင် တာချီလိတ်သို့ ပို့ဆောင်ထားပြီးနောက် ၂၀၂၁ခုနှစ် မေလက စ၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

အရှေ့မြို့ပတ်လမ်းမှာ လမ်းပျက်စီးမှုများမှာ ကြာမြင့်ခဲ့ပြီး NLD အစိုးရလက်ထက် က စီစဉ်ခဲ့ရာ ယခု ၂၀၂၁ခုနှစ်မှ လုပ်ဆောင်နိုင်လာခြင်း ဖြစ်သည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အနောက်ဖက်လမ်းဖြစ်သည့် အရှည်ပေပေါင်း (၃၃၃၀)ပေ နှင့် အကျယ်ပေ(၃၀)ပြီး အထူ (၁)ပေဝန်းကျင်ရှိ  ရွှေသဲ အိမ်ဆောက်ပစ္စည်းဆိုင်မှ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားသို့ သွားသည့် လမ်းကို နိုင်လွန်ကတ္တရာလမ်းအဖြစ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ 

နိုင်ငံ့အာဏာအား ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က စစ်တပ်မှ သိမ်းထားလိုက်ပြီးနောက် NLD အစိုးရလက်ထက်က ဘတ်ဂျက်ကြိုတင်ရေးဆွဲကာ ချထားပေးခဲ့သည့် လမ်းတံတားများကိုလည်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဆက်လက်လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

Photo: ယာဆေး၊ TG