ကျောက်မဲမြို့တွင် ညပိုင်းအဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်နေ

ကျောက်မဲမြို့တွင် ညပိုင်းအဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့တွင် ညပိုင်းကစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်စမ်းငေါင်း ချောင်းတလျှောက်ရှိ လူနေရပ်ကွက်များနှင့် အနိမ့်ပိုင်းကျသည့် ရပ်ကွက်များ တွင် စက်တင်ဘာ (၂၀)ရက် နံနက်ပိုင်းကစ၍ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ရသည်။

၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့ ညပိုင်းကစ၍ နံနက်အစောပိုင်းထိ မိုးရွာသွန်းခဲ့သည့် အတွက် ကျောက်မဲမြို့လည်ခေါင်သို့ ဖြတ်သွားသော နမ့်စမ်းငေါင်းချောင်းနံဘေးတလျှောက်ရှိ အမှတ်( ၆ )ရပ်ကွက်နှင့် အမှတ်( ၈)ရပ်ကွက်တလျှောက်တွင် ချောင်းရေလျှံခြင်းများဖြစ်ပေါ်နေပြီး ယခင်က ရေမဝင်ခဲ့ဘူးသည့် လူနေအိမ်များပါ ချောင်းရေ ဝင်ရောက်မှု ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အနိမ့်ပိုင်းရှိ အချို့နေအိမ်များမှာ ဒူးဆစ်အထိ ရေဝင်ရောက်နေပြီး ယခင်က မိုးရွာသွန်းတိုင်းရေကြီးရေလျှံဖြစ်တတ်သည့် ကြံ့ခိုင်ရေးကားဝန်းတစ်ဝိုက်တွင်လည်း အစဉ်အလာမပျက် ရေကြီး ရေလျှံဖြစ်နေကာ အထူးသဖြင့် နမ့်စမ်းငေါင်းချောင်း နံဘေးရှိ လူနေရပ်ကွက်များမှ နေအိမ်များတွင် ရေကျနိုင်ဖွယ် အခြေအနေမရှိသေးဟု ၎င်းနေရာများ၌ နေထိုင်သူများထံက သိရသည်။

လက်ရှိတွင် မိုးတိတ်သွားပြီဖြစ်သော်လည်း ချောင်းရေမကျသေးသည့်အတွက် နေအိမ်များ၌ ဝင်ရောက် နေသည့် ရေများလဲ ပြန်မထွက်သွားသေးသည့်အတွက် ချက်ပြုတ်စားသောက်ရန် အဆင်မပြေဖြစ်နေကြဆဲဖြစ်သည်ဟု သိရသည်။

 

Photo: Aung Khant Kyaw