မူဆယ်မြို့တွင် လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်၌ ဓါးပြတိုက်ခံရပြီး ရွှေငွေများထည့်ထားသည့် မီးခံသေတ္တာတစ်လုံး ပါသွား

မူဆယ်မြို့တွင် လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်၌ ဓါးပြတိုက်ခံရပြီး ရွှေငွေများထည့်ထားသည့် မီးခံသေတ္တာတစ်လုံး ပါသွား

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ရှာလာလာလမ်းကြားရှိ ကမ္ဘောဇဝမ်း ခေါက်ဆွဲဆိုင်ပိုင်ရှင်၏ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေငွေများထည့်ထားသည့် မီးခံသေတ္တာတစ်လုံး ပါသွားကြောင်း သိရသည်။



၂၀၂၃ခုနှစ်၊  ဧပြီ (၂၇)ရက်နေ့၏ နံနက်(၁၀)နာရီခွဲဝန်းကျင် အချိန်က ၎င်း၏နေအိမ်ကို သေနတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား(၄)ဦး ဝင်ရောက်လာပြီး ဓါးပြတိုက်ကာ မီးခံသေတ္တာတစ်လုံး သယ်ဆောင်သွားကြောင်း သိရသည်။ 



"ဆိုင်မှာ တိုက်ခံရတာတော့ မဟုတ်ဘူး။ အိမ်မှာ တိုက်ခံရတာလို ပြောတယ်။ နောက်ထပ် ဘာတွေဖြစ်လဲတော့ မသိရဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ဓါးပြတိုက်ပြီး ယူဆောင်သွားသည့် မီးခံသေတ္တာထဲတွင် မြန်မာကျပ်ငွေများ အပါအဝင် ရွှေ(၃၀)ကျပ်သား နှင့် ကျပ်ငွေအားဖြင့် သိန်း(၁၂၀)ကျော်နှင့် ညီမျှသော တရုတ်ယွမ်ငွေ (၃၀,၀၀၀)နှင့် ရွှေထည်လက်ဝတ်ရတနာပစ္စည်းများ ပါသွားကြောင်း သိရသည်။ 

ဓားပြတိုက်မှု ဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ရဲများက လုံခြုံရေးတင်းကြပ်ထားပြီး အသွားလာစစ်ဆေးမှုများ လုပ်ဆောင်သော်လည်း ဓါးပြများကို ဖမ်းဆီးရမိခြင်း မရှိကြောင်းသိရသည်။