ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က အိမ်ရှင်များကို အိမ်ငှားစာရင်း ကောက်ခိုင်းနေ

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က အိမ်ရှင်များကို အိမ်ငှားစာရင်း ကောက်ခိုင်းနေ
စက်တင်ဘာ 18, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် အာဏာသိမ်းအဖွဲ့၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က  အိမ်ခန်းငှားစာရင်း အချက်အလက်များကို အိမ်ရှင်များကောက်ယူ၍ ရပ်ကျေးအဖွဲ့ထံ လာပေးခိုင်းထားသည်ဟု သိရသည်။

အိမ်ခန်းငှား ဘယ်နှစ်ခန်းရှိတယ်။ အဲဒီမှာမှ လူနေတာ ဘယ်နှစ်ခန်း၊ ကျား/မ ဘယ်နှစ်ဦး စတာတွေကို မှတ်ပုံတင် မိတ္ထူတွေနဲ့ ကိုယ့်ဘာကိုယ်စာရင်းကောက်ပြီး ရပ်ကွက်ရုံးကို လာအပ်ဖို့ရာ လာပြောသွားတယ်။ ဘယ်နေ့ နောက်ဆုံး အပ်ရမယ်ဆိုတာတော့ မပါဘူး

ဟု ကျောက်မဲရှိ အိမ်ခန်းငှားပိုင်ရှင်တစ်ဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၈)ရက်နေ့တွင် ပြောသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား နည်းလမ်းမျိုးစုံဖြင့် နှိမ်နှင်းနေသည့် အာဏာသိမ်းအဖွဲ့က NUG၊ PDF နှင့် CRPH တို့နှင့် ဆက်စပ်သူများအား အိမ်မငှားကြရန်  စက်တင်ဘာလ (၉) ရက်နေ့က ထုတ်ပြန်သည့်အပြင် အာဏာသိမ်းစစ်တပ်၏ စစ်တိုင်းများကလည်း စစ်တိုင်းအလိုက် နယ်မြေအတွင်း အိမ်ခန်းငှားနေသူများစာရင်း တင်ပြကြရန် တပ်တွင်းညွန်ကြားစာများလည်း ထုတ်ထားသည်ကို တွေ့ရသည်။