တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်အား YMBA အသင်းမှ "အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ"ဘွဲ့တံဆိပ်တော် ဆပ်ကပ်

တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်အား YMBA အသင်းမှ "အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ"ဘွဲ့တံဆိပ်တော် ဆပ်ကပ်
ဇန်နဝါရီ 11, 2021 | လူမှုရေး| ရှမ်းရှေ့

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါးနှစ်ကောင် ဆရာတော် ဘဒ္ဒန္တဓမ္မသီရိအား ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA)က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်သည်။

 တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊  အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိအား YMBA မှဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆရာတော်၏ ကျောင်းတိုက်၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က ဆပ်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

ဘွဲ့တံဆိပ်တော်ဆက်ကပ်သည့် အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးအပါအဝင် စစ်ဘက်၊ နယ်ဘက်မှ အရာရှိများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)မှ ဒုတိယဥက္ကဌလည်း တက်ရောက်သည်ကို တွေ့ရသည်။

တာချီလိတ်မြို့ နဂါးနှစ်ကောင် ဆရာတော်အား ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ကိုလည်း ဆက်ကပ်လှူဒါန်းကြောင်း နိုင်ငံပိုင်သတင်းစာကနေတဆင့် ကြေညာထားရှိသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။