တာချီလိတ်တွင် ကျင်းပနေသည့် အာခါတိုင်းရင်းသားရိုးရာ ခါးထောင်းဖားပွဲတော်သို့ အိမ်နီးချင်းနိုင်ငံများမှ အာခါတိုင်းရင်းသားများ လာရောက် ဆင်နွှဲ

တာချီလိတ်တွင် ကျင်းပနေသည့် အာခါတိုင်းရင်းသားရိုးရာ ခါးထောင်းဖားပွဲတော်သို့ အိမ်နီးချင်းနိုင်ငံများမှ အာခါတိုင်းရင်းသားများ လာရောက် ဆင်နွှဲ
ဒီဇင်ဘာ 19, 2019
By Tachileik News Agency
တာချီလိတ်တွင် ကျင်းပနေသည့် အာခါတိုင်းရင်းသားရိုးရာ ခါးထောင်းဖားပွဲတော်သို့ အိမ်နီးချင်းနိုင်ငံများမှ အာခါတိုင်းရင်းသားများ လာရောက် ဆင်နွှဲ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့  ရှမ်းရိုးမကွင်းတွင် (၁၂) ကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ မြန်မာနှင့် ထိုင်းတာဝန်ရှိသူများအပြင် အိမ်နီးချင်းနိုင်ငံများရှိ အာခါတိုင်းရင်းသားများပါ တက်ရောက်ကြသည်။

“အာခါတိုင်းရင်းသားတို့မှာ တစ်နှစ်တာအတွင်း ကျင်းပရမယ့် ပွဲတော် (၃)ခုရှိပါတယ်။ ကြက်ဥပွဲတော်၊ ပြီးတော့မှ ရဲခိုဆိုတဲ့ ဒါန်းစီးပွဲတော်၊ ဒီကနေ့ကျင်းပတဲ့ ခါးထောင်းဖားပွဲတော်တို့ပဲဖြစ်ပါတယ်။ ဒီလိုကျင်းပတဲ့ပွဲတော်ကနေ ရိုးရာယဉ်ကျေးမှုကိုဖေါ်ထုတ်ရာမှာ တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီကနေ့ နိုင်ငံတော်က ချမှတ်ထားတဲ့ တိုင်းရင်းသားလူမျိုးများအခွင့်အရေးစောင့်ရှောက်ရေး ဥပဒေ၊ နည်းဥပဒေများအရ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများ ဖေါ်ထုတ် ပေးရမှာဖြစ်ပါတယ်”ဟု  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလှက ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ (၁၈)ရက်နေ့ကတည်းက စတင်ကျင်းပနေသည့် အာခါတိုင်းရင်းသားရိုးရာ ခါးထောင်းဖားပွဲတော်သို့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများရှိ အာခါတိုင်းရင်းသားများသာမက အိမ်နီးချင်း တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံများမှလည်း လာရောက်ကြကြောင်း သိရသည်။

“ပညာမြင့်မှ လူမျိုးမြင့်မယ်ဆိုတဲ့အတိုင်း အာခါတိုင်းရင်းသားမောင်မယ်များမှ အသိပညာ၊ အတတ်ပညာများကို ကြိုးစားသင်ယူသွားကြပါ။လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးများကို တစ်ဦးချင်းရော အဖွဲ့လိုက်ပါ ရှောင်ရှားတိုက်ဖျက်ပေးကြပါ”ဟု တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

ခါးထောင်းဖားပွဲတော်ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားသို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင်နှင့် တာဝန်ရှိသူများလည်း လာရောက်ကြပြီး မြန်မာဘက်မှ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလ၊ ရှမ်းပြည်နယ်(ကျိုင်းတုံ) ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဒီဇင်ဘာလ(၂၀)ရက်နေ့အထိ ကျင်းပပြုလုပ် နေသည့် အဆိုပါ ပွဲတော်၏ ညပိုင်းများတွင် အာခါတိုင်းရင်းသားအဆိုတော် လီဂါ၊ ထက်အောင် နှင့် အာခါတိုင်းရင်းသားအဆိုတော်များ အပြင် တရုတ်နိုင်ငံမှ အာခါတိုင်းရင်းသားအဆိုတော်များလည်း သီဆိုဖျော်ဖြေသွားကြမည်ဖြစ်ပြီး အာခါတိုင်းရင်းသား လူငယ်များမှလည်း တိုင်းရင်းသားရိုးရာ အက နှင့် ခေတ်ပေါ်အကများဖြင့်လည်း ဖျော်ဖြေတင်ဆက်သွားကြမည်် ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~