COVID 19 အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ (၁၃၈)ဦးကို ကျိုင်းတုံ နှင့် မိုင်းယန်းမြို့နယ်အတွင်း ရှာဖွေတွေ့ရှိထား

COVID 19 အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ (၁၃၈)ဦးကို ကျိုင်းတုံ နှင့် မိုင်းယန်းမြို့နယ်အတွင်း ရှာဖွေတွေ့ရှိထား
စက်တင်ဘာ 7, 2020
By Tachileik News Agency

COVID 19 အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ (၁၃၈)ဦးကို ကျိုင်းတုံ နှင့် မိုင်းယန်းမြို့နယ်အတွင်း ရှာဖွေတွေ့ရှိထား 

 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် မိုင်းယန်းမြို့နယ်အတွင်း ဆီလူးဒေသစိုက်ခင်းတွင် COVID 19 အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့သူ စုစုပေါင်း (၁၃၈)ဦးကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့၌ နေအိမ်အသီးသီးတွင် အသွားအလာကန့်သတ်ထားပြီး တည်းခိုခန်းတစ်ခုနှင့် ထမင်းဆိုင်နှစ်ဆိုင်ကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။
“သူတို့က ကျိုင်းတုံမှာ (၃)ညအိပ်သွားသေးတာကိုး။ သူတို့ထဲက တစ်ချို့က တည်းခိုခန်းမှာအိပ်တယ်။ တစ်ချို့က ယန်းခမ်းဂိတ်မှာ အိပ်တယ်။ သူတို့ ထမင်းဆိုင်တွေသွားကြတယ်။ ကုန်စုံဆိုင်တွေ သွားကြတယ်။ သူတို့ကိုလိုက်ပို့တဲ့ ကားသမားတွေ၊ သူတို့နဲ့အလုပ်အတူလုပ်သူတွေ ၊ လေယာဉ်အတူစီးသူတွေ  ပေါင်းလိုက်တော့  အားလုံးပေါင်း (၁၃၈) ဦးတွေ့တယ်။  ထွေအုပ်ရော၊ ရဲရော အကုန်လိုက်ပြီး အသွားအလာကန့်သတ်ထားသူတွေ အပြင်မထွက်ဖို့၊ တည်းခိုခန်းတစ်ခု၊ နောက် ထမင်းဆိုင်(၂)ဆိုင်ကို ဗီနိုင်းတွေ ဘာတွေနဲ့ချိတ်ပြီး အသိပေးကန့်သတ်ထားတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အတည်ပြုလူနာနှင့်ထိတွေ့သူ (၁၃၈)ဦးအနက် (၇၉)ဦး၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ (၆)ရက်နေ့က ရန်ကုန်ရှိ ဓာတ်ခွဲဌာနသို့ ပို့စစ်ထားပြီး ကျန် (၅၉)ဦး၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ (၈)ရက်နေ့၌ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်၊ ဆီလူးဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းတွင် ရခိုင်ပြည်နယ်မှ လာရောက်အလုပ်လုပ်ကိုင်နေသူ (၆)ဦးအား ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှ  COVID 19 အတည်ပြုလူနာ case 1209၊ case 1210 နှင့် case 1211 တို့အဖြစ် စက်တင်ဘာလ (၅)ရက်နေ့၌ ဓာတ်ခွဲအဖြေရလာခြင်းဖြစ်သည်။
အဆိုပါ (၆)ဦးအဖွဲ့မှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှလာရောက်သူများဖြစ်ပြီး သြဂုတ်လ (၉)ရက်နေ့က Air Thanlwin လေကြောင်းလိုင်းဖြင့် ရန်ကုန် - ကျိုင်းတုံခရီးစဉ် စီးနင်းလာသူများဖြစ်ပြီး ကျိုင်းတုံမှတစ်ဆင့် ဆီလူးဒေသသို့ ကားငှားသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့သူများတွင် COVID 19 ကူးစက်ခံထားရနိုင်၍ ဆောလျင်စွာ ဓာတ်ခွဲစစ်ဆေးမှုခံယူပြီး လိုအပ်လျှင် ကုသမှု ဆောလျင်စွာရရှိရေးနှင့် အခြားသူများသို့ ကူးစက်ခြင်းမရှိစေရေးအတွက် ကျန်းမာရေးဌာနတာဝန်ရှိသူများက စုံစမ်းဖေါ်ထုတ်နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အတည်ပြုလူနာများတွေ့ရပါက အတည်ပြုလူနာနှင့်ထိတွေ့သူများအား အခမဲ့ ဓာတ်ခွဲစစ်ဆေးပြီး လိုအပ်ပါက အခမဲ့ကုသပေးခြင်းများ လုပ်ဆောင်ပေးနေသဖြင့် အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအနေဖြင့် ကျန်းမာရေးဌာန သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ထံ အမြန်ဆက်သွယ်ခြင်းဖြင့် COVID 19 ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~