နယ်စပ် တောမီးရှို့မှုများကြောင့် တာချီလိတ်မြို့၏ လေထုညစ်ညမ်းမှုအခြေနေမှာ အနီရောင်အဆင့်ရှိနေ

နယ်စပ် တောမီးရှို့မှုများကြောင့် တာချီလိတ်မြို့၏ လေထုညစ်ညမ်းမှုအခြေနေမှာ အနီရောင်အဆင့်ရှိနေ
မတ် 8, 2024 | ရှမ်းရှေ့

နှစ်စဉ် မတ်လရောက်တိုင်း လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးရွားစွာ ခံရလေ့ရှိသည့် တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၈)ရက်နေ့ နံနက်ပိုင်း၏ လေထုအရည်အသွေးမှာ အနီရောင်အဆင့်တွင်ရှိနေပြီး မြို့တွင်း မီးခိုးဖုံးလွှမ်းမှုအခြေနေမှာ အနည်းငယ် သိသာနေသည်ဟု ဒေသခံများထံက သိရသည်။

၂၀၂၄ခုနှစ် မတ်လ(၇)ရက်နေ့မှ မတ်လ(၈)ရက်နေ့ နံနက်(၇)နာရီအချိန်အထိ (၂၄)နာရီအတွင်း တိုင်းတာချက်များအရ ကျိုင်းတုံမြို့၏ လေထုအရည်အသွေး ( AQI )မှာ (၁၇၄)တွင် ရှိနေပြီး တာချီလိတ်မြို့၏ လေထုအရည်အသွေး ( AQI )မှာ (၁၉၂)တွင် ရှိနေကြောင်း သိရသည်။

"အရမ်းကြီးတော့ များမလာသေးပေမဲ့ ဆိုင်ကယ်မောင်းတဲ့အချိန်တို့ဆိုရင် မျက်လုံးနည်းနည်းစပ်တာအထိ ဖြစ်လာတယ်။ အခုမှ အစပဲရှိသေးတာဆိုတော့ မီးခိုးအခြေအနေက ဘယ်လိုလာမလဲ မသိရသေးပါဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

လေထုညစ်ညမ်းမှုများကြောင့်  "ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်" တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကလည်း အသိပေးထားရှိသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသတစ်လျှောက် တောမီးလောင်မှုများနှင့် ရှို့မှုများကြောင့် မီးခိုးများမှာ တာချီလိတ် နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား ဖုံးလွှမ်းလေ့ရှိသည့်အတွက် နှစ်စဉ် နွေရာသီရောက်တိုင်း တာချီလိတ်ဘက်က မီးသတ်နှင့်စည်ပင်တို့သည် မြို့တွင်းလှည့်လည်ကာ ရေမှုန်ရေမွှား ပက်ဖြန်းကြရသလို၊ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင်လည်း ရေမှုန်ရေမွှားပက်ဖြန်းကြရလေ့ရှိသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား တောမီးရှို့မှု လျော့နည်းပပျောက်ရေးအတွက် နွေရာသီမရောက်မီကတည်းက နယ်ခြားကော်မတီဖြစ်သည့် TBC အစည်းအဝေးများတွင် ဆွေးနွေးမှုများ လုပ်ဆောင်လေ့ရှိသော်လည်း မြေပြင်တွင် အကောင်အထည်ဖော်မှုနည်းပါးခြင်းကြောင့် မီးခိုးဖုံးလွှမ်းမှုများမှာ နှစ်စဉ် ကြုံနေရဆဲဖြစ်သည်။