တာချီလိတ်မြို့ နောင်မွေ စားသောက်ဆိုင်မှ (၁၆)ဦးတွင် ပိုးတွေ့၊ ဆိုင်သို့ သွားရောက်ခဲ့သူများ Covid-19 လာရောက် စစ်ဆေးရန် လိုအပ်

 တာချီလိတ်မြို့ နောင်မွေ စားသောက်ဆိုင်မှ (၁၆)ဦးတွင် ပိုးတွေ့၊ ဆိုင်သို့ သွားရောက်ခဲ့သူများ Covid-19 လာရောက် စစ်ဆေးရန် လိုအပ်
ဇူလိုင် 5, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုခိုရွာအတွင်းရှိ နောင်မွေစားသောက်ဆိုင်မှ (၂)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၁၆)ဦး အထိ တွေ့ရှိထားသည့်အတွက် Lockdown ချထားပြီး ကုသဆောင်သို့ပို့ဆောင်ထားကြောင်းနှင့် အဆိုပါ ဆိုင်သို့ (၁၀)ရက်အတွင်း သွားရောက်ခဲ့ဖူးသူများအနေဖြင့် ဆေးရုံဟောင်းတွင် Covid-19 လာရောက် စစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

နောင်မွေ ဆိုင်မှာ မနေ့က တစ်ဦးတွေ့တယ်။ ဆေးရုံဟောင်းမှာလာစစ်တာ။ ဒီနေ့လည်း ထပ်စစ်လိုက်တော့ အဲ့ထဲက (၁၃)ဦးတွေ့တယ်။ မိုင်းယောင်းကို ပြန်သွားတဲ့ (၂)ဦးလည်း   ပိုးတွေ့တာဆိုတော့ (၁၆)ဦးပါ။ အဲ့ဆိုင်ကို (၁၀)ရက်အတွင်း သွားခဲ့သူတွေထဲမှာ ဌာနဆိုင်ရာတွေလည်း ရှိကြတယ်။ ဆေးရုံဟောင်းမှာ သွားစစ်ကြဖို့တော့ လိုလိမ့်မယ်

ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ ပြောသည်။



တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၅)ရက်နေ့တစ်နေ့တည်းအနေဖြင့်  အသွားအလာကန့်သတ်ထားသူများနှင့် ဆေးရုံဟောင်းသို့ လာရောက်စစ်ဆေးသူများ အပါအဝင် စုစုပေါင်း (၆၉)ဦးအထိ Covid-19 တွေ့ရှိရသည့်အတွက်  ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ (၈)ရက်အတွင်း စုစုပေါင်း  (၁၃၈)ဦးအထိ ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း အုပ်စုလိုက်များအနေဖြင့် ရွှေရည်မြင့်မိုရ် မိုတယ်၊ DAT KTV & Club၊ နောင်မွေ စားသောက်ဆိုင်၊ လိုမာ ဟိုတယ်၊ 1G1  စသည်တို့မှ ထိတွေ့သူများ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မိမိကိုယ်ကိုကိုယ် Covid-19 သံသယ ရှိသူများအနေဖြင့် ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ သို့ လာရောက်ပြီး ကျပ်(၁၀,၀၀၀)ပေး၍ Covid-19 စစ်ဆေးနိုင်ကြောင်း သိရသည်။