ထိုင်းဒုရဲချုပ်၏ ရဲသင်တန်းကျောင်းဆင်းဘက်ဖြစ်သူ ရဲအရာရှိကြီး တစ်ဦးကို အွန်လိုင်းလောင်းကစား လုပ်ကိုင်မှုဖြင့် ဖမ်းဆီး

ထိုင်းဒုရဲချုပ်၏ ရဲသင်တန်းကျောင်းဆင်းဘက်ဖြစ်သူ ရဲအရာရှိကြီး တစ်ဦးကို အွန်လိုင်းလောင်းကစား လုပ်ကိုင်မှုဖြင့် ဖမ်းဆီး

 ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ် Surachate Hakparn ၏ ရဲသင်တန်းကျောင်းဆင်းဘက်ဖြစ်သူ ရဲအရာရှိကြီးတစ်ဦးကို အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်မှုများဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။ 

RRD789, BLUE789 နှင့် SEXY789 ဟု သိရှိရသည့် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များ လုပ်ကိုင်မှုဖြင့် မကြာသေးမီးက ဖမ်းဆီးခဲ့သည့် တရားခံ(၉) ဦး အနက် ရဲသင်တန်းကျောင်း Royal Police Cadet Academy တွင် ၎င်း၏ ကျောင်းနေဘက်ဖြစ်သူ ရဲဗိုလ်ချုပ်တစ်ဦး ပါဝင်ကြောင်း ရဲဗိုလ်ချုပ်ကြီး Surachate က ဇွန်လ (၂၁) ရက်နေ့တွင် အတည်ပြုခဲ့သည်။

၎င်း၏ ကျောင်းနေဘက်ကမူ စွဲချက်များကို ငြင်းဆိုထားကြောင်း ဒုရဲချုပ်က ဆိုသည်။

 ဖမ်းဆီးထားသူ (၉) ဦးကို တရားမဝင် အီလက်ထရောနစ် လောင်းကစားလုပ်ငန်း လုပ်ကိုင်မှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ 

ပရိုဂရမ်မာနှင့် လောင်ကစားဝက်ဘ်ဆိုက်များကို စီမံခန့်ခွဲရသူအဖြစ် လုပ်ကိုင်ခဲ့သော အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး၏ တိုင်ကြားချက်ကို ရရှိပြီးနောက် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းဒုရဲချုပ်က ဆိုသည်။

အဆိုပါ တိုင်ကြားသူ အမျိုးသားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် ဘန်ကောက်မြို့ Chokchai ဧရိယာရှိ ၎င်း၏နေအိမ်ကနေ အမျိုးသား (၇) ဦးက အဓမ္မခေါ်ဆောင်သွားခဲ့ပြီး Chon Buri ရှိ ကော်ဖီဆိုင်တစ်ဆိုင်သို့ ခေါ်သွားခဲ့ကြောင်း သိရသည်။

 ပရိုဂရမ်မာ အမျိုးသားက လောင်းကစားဝက်ဘ်ဆိုက်များမှ ဝင်ငွေကို ကျဆင်းစေသည်ဟု စွပ်စွဲခံခဲ့ရပြီး နှိပ်စက်ညှင်းပန်းခံခဲ့ရကြောင်းနှင့် ၎င်းကို ပြန်လွှတ်ပေးရန်အတွက် ဘတ်ငွေ(၁)သိန်း ပေးခဲ့ရသည်ဟု တိုင်ကြားချက်တွင် ဖော်ပြသည်။

ထိုလောင်ကစားဝက်ဘ်ဆိုက်များကို လုပ်ကိုင်နေသူမှာ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate ၏ ရဲသင်တန်းကျောင်းဆင်းဖက် တစ်ဦးဖြစ်ကြောင်း တိုင်ကြားသူက စုံစမ်းစစ်ဆေးရေးမှူးများကို ပြောခဲ့သည်။ 

ယခုအမှုတွင် ပရိုဂရမ်မာ အမျိုးသား၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို လောင်းကစားဂိုဏ်းထံသို့ လွှဲပြောင်းပေးအပ်မှုဖြင့် ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

လောင်းကစားဝက်ဘ်ဆိုက်များကို မူလက ချွန်ဘူရီတွင် အခြေစိုက် လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် နေအိမ်ကနေ လုပ်ကိုင်ခဲ့ကြသည်ဟု ဆိုသည်။ 

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှူးများက ဖမ်းဆီးထားသူ (၉) ဦး၏ ဘတ် သန်း (၂၀၀) တန်ဖိုးရှိသော ပိုင်ဆိုင်မှုများ၏ အရင်းအမြစ်ကို စစ်ဆေးသွားမည်ဟု ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate က ပြောသည်။

 

Source: Bangkok Post