သစ်ခိုးသယ်သူများကို ဖမ်းဆီးမှုအတွင်း သစ်တောဝန်ထမ်းများ တိုက်ခိုက်ခံရ

သစ်ခိုးသယ်သူများကို ဖမ်းဆီးမှုအတွင်း သစ်တောဝန်ထမ်းများ တိုက်ခိုက်ခံရ
မတ် 9, 2020
By Tachileik News Agency
 သစ်ခိုးသယ်သူများကို ဖမ်းဆီးမှုအတွင်း သစ်တောဝန်ထမ်းများ တိုက်ခိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် တရားမဝင်သစ်များကို ဖမ်းဆီးရန်ကြိုးစားသည့် သစ်တော ဝန်ထမ်းများအား သစ်ခိုးသယ်သူများက ကားချင်းမျက်နှာချင်းဆိုင်တိုက်၍ ဓါးဖြင့်ခုတ်ရန်ကြိုးစားစဉ် Green City စီမံကိန် ဝန်ထမ်းများနှင့် လုံခြုံရေးရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဖမ်းဆီးထားနိုင်ကြောင်း သိရသည်။

သစ်တောဝန်ထမ်းများက ၂၀၂၀ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် အမြန်လမ်းတစ်လျှောက် တရားမဝင်သစ် ဖမ်းဆီးရေး ဆောင်ရွက်နေစဉ် နေ့လယ် (၂)နာရီဝန်းကျင်၌  နေပြည်တော်ဘက်မှ မောင်းနှင်လာသော ယာဉ်အမှတ် 8H/4958 Hiace caravan ခဲရောင်အား မသင်္ကာ၍ သစ်တောဝန်ထမ်းများက ကားတစ်စီးဖြင့် နောက်ယောင်ခံ လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်အား ဖမ်းဆီးရန် တိုးဂိလ်ဖြင့် ချိတ်ဆက်ဆောင်ရွက်စဉ် အဆိုပါယာဉ်က နေပြည်တော်ဘက်သို့ နောက်ကြောင်းပြန်လှည့်ကာ လမ်းပြောင်းပြန်မောင်းနှင်ပြီး သစ်တောဝန်ထမ်းများ လိုက်လာသည့် မော်တော်ယာဉ်အား မျက်နှာချင်းဆိုင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် သစ်ခိုးသယ်လာသည့်ယာဉ်မှ ယာဉ်မောင်းက ဓါးရှည်တစ်ချောင်းကိုင်၍ ဆင်းလာသဖြင့်  တောအုပ် ဦးမျိုးထွန်းအောင်က ကားတံခါးဖြင့် ညှပ်ပိတ်ထားပြီး အကူအညီတောင်းခံရာ အနီးအနားရှိ Green City စီမံကိန်း ဝန်ထမ်းများနှင့် လုံခြုံရေးရဲတပ်ဖွဲ့က လာရောက်ကူညီပေးစဉ် သစ်ခိုးသယ်လာသည့် ယာဉ်ပေါ်ပါ ကျန်တစ်ဦးက လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦးအား လက်သီးဖြင့်ထိုး၍ ထွက်ပြေးရန်ကြိုးစားသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် ကျွန်းခွဲသားများကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ယာဉ်တိုက်ခံရမှုကြောင့် သစ်တောဝန်ထမ်း တောခေါင်း ဦးလှသောင်းတွင် ယာဒူး ပေါက်ပြဲ၊ နဖူးကွဲ၊ ဝဲဘက်ခြေသလုံးကျိုးဒဏ်ရာရရှိပြီး ဦးသိန်းဇော်မှာ ရင်ဘတ်အောင့် နဖူးကွဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
သစ်များကို တရားမဝင်သယ်ဆောင်လာပြီး ဝန်ထမ်းများကို ပြန်လည်တိုက်ခိုက်ခဲ့သူများကို ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - သစ်တောဉီးစီးဌာန

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~