တာချီလိတ် မြို့မဈေးအတွင်း (၂)လကြာသည်အထိ ပိတ်ထားရပြီး ဆိုင်ခန်းခများ အခက်အခဲဖြစ်နေသည့် ဈေးသည်များက တန်းတူညီမျှ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ရရန် လိုလားနေ

တာချီလိတ် မြို့မဈေးအတွင်း (၂)လကြာသည်အထိ ပိတ်ထားရပြီး ဆိုင်ခန်းခများ အခက်အခဲဖြစ်နေသည့် ဈေးသည်များက တန်းတူညီမျှ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ရရန် လိုလားနေ
စက်တင်ဘာ 9, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Covid-19 ထိန်းချုပ်ရေးအတွက် အခြေခံ စားသောက်ကုန်များနှင့် ဆေးဆိုင်များမှလွဲ၍ ကျန်ဆိုင်ခန်းများအားလုံးကို ပိတ်ထားရန် စည်ပင်သာယာရေးဌာန၏ ညွှန်ကြားချက်ထုတ်ပြီး (၂) လကျော်အကြာတွင်  ဆိုင်ခန်းများအားလုံး ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်သော်လည်း ဝမ်ကောင်းဈေးတွင်းဆိုင်ခန်းများ ဖွင့်ခွင့်မရသေး၍ ဆိုင်ခန်းလစာများအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည် ။

မြို့ထဲမှာ အခြေခံလူသုံးကုန်ဆိုင်တွေပဲ ဖွင့်ရမယ်။ ရွှေဆိုင်ကနေ ဖိနပ်ဆိုင်အထိ မဖွင့်ရဘူးဆိုပြီး စည်ပင်ကအသိပေးရုံပဲ အသိပေးတာ။ တကယ်က ကြပ်ကြပ်မတ်မတ် မလုပ်ဘူး။ ခုဆို ရွှေဆိုင်တွေရော တခြားဆိုင်တွေရော ဖွင့်ထားတယ်။ အခု ကျွန်တော်တို့ ဒီမြို့မဈေးအတွင်းထဲက ဆိုင်ခန်းတွေကိုတော့ ဖွင့်ခွင့်မပေးဘူး။ အပြင်က ဆိုင်ခန်းတွေတော့ ဖွင့်နေကြတယ်။ ဘာဖြစ်ဖြစ် တန်းတူညီမျှ ဖြစ်သင့်တယ်လေ။ ခုက ကျွန်တော်တို့မှာကလည်း ဆိုင်ခန်းခတွေ ပေးနေရတာ

ဟု ဝမ်ကောင်းမြို့မဈေးမှ ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၉)ရက်နေ့တွင် ပြောသည်။

ဆိုင်ခန်းများကို ကန့်သတ်ထားသည်မှာ (၂)လကြာနေပြီဖြစ်၍ ဆိုင်ခန်းလစာပေးနေရ၍ အခက်အခဲဖြစ်နေစဉ် ဝမ်ကောင်းမြို့မဈေးတွင်းမှ ဆိုင်ခန်းများမှလွဲ၍ ဈေးအပြင်ဘက်တန်းအပါအဝင် အခြားဆိုင်ခန်းများ ပြန်ဖွင့်နေကြပြီဖြစ်သဖြင့် ဈေးတွင်းဆိုင်ခန်းများလည်း ဖွင့်လှစ်လိုကြကြောင်း သိရသည်။

တာချီလိတ်မြို့မဈေးက အတွင်းဖက် ပိတ်ခိုင်းထားတာ (၂)လကျော်ပြီ။ ဈေးပိတ်ထားရလည်း အခန်းခပေးနေရပါတယ်။  စည်ပင်ပိုင်ဈေးပါပဲ။ လမ်းဖက်လှည့်ထားတဲ့ အခန်းတွေ ဈေးပတ်ပတ်လည် ဆိုင်ခန်းတံခါးဖွင့်ပြီး ရောင်းနေကြပြီး ကျွန်မတို့ အတွင်း ဈေးသည်တွေက ဆိုင်ခန်းခလည်းပေးရ၊ ဝင်ငွေမရှိ ဒုက္ခနဲ့ပါ။ အတွင်းအပြင် တန်းတူ ဖြစ်စေချင်တယ်

ဟု ဝမ်ကောင်းမြို့မဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

စည်ပင်ပိုင်ဈေးဖြစ်သည့် ဝမ်ကောင်းဈေးအတွင်းမှ ဆိုင်ခန်းပိုင်ရှင်များအား ဖွင့်ခွင့်မပေးပါကလည်း ဆိုင်ခန်းများပိတ်ထားရန် ကန့်သတ်ထားသည့် ကာလအတွင်း ဆိုင်ခန်းငှားများထံမှ ဆိုင်ခန်းခမယူရန် ညှိနှိုင်းပေးသင့်သည်ဟု ဈေးဆိုင်ခန်းငှားအချို့က ပြောသည်။

အခု ကျွန်မတို့ ဈေးထဲမှာ မဖွင့်ရတာ (၂) လရှိပြီ။ ဆိုင်ခန်းကလည်း ကိုယ်ပိုင်ဆိုင်ခန်းမဟုတ်ဘူး။ ငှားထားရတာ။ ဈေးပိတ်ထားချိန်လည်း ဆိုင်ခန်းခက ပေးနေရတာ။ ဝင်ငွေက မရှိဘူး။ အဆင်ကမပြေနဲ့ တကယ်ဆို စည်ပင်က ဈေးကို ပိတ်တယ်ဆိုရင် ဆိုင်ခန်းခ သက်သာဖို့အတွက်တွေပါ ညှိနှိုင်းပေးသင့်တာပေါ့။ အခုတော့ ဈေးသူဈေးသားတွေရဲ့ နစ်နာမှုကို မကြည့်ပေးဘူးဖြစ်နေတယ်

ဟု ဝမ်ကောင်းမြို့မဈေးမှ ဆိုင်ခန်းငှားတစ်ဦးက ပြောသည်။



Stay at Home ကြေညာထားရသည့် တာချီလိတ်မြို့တွင် Covid-19 ထိန်းချုပ်ရေးအတွက် စည်ပင်ယာရေးဌာနက ဈေးများတွင် ဟင်းသီးဟင်းရွက်နှင့် အသားငါးများ၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများကို သတ်မှတ်ချိန်အတွင်း ရောင်းခွင့်ပေးပြီး ကျန်ဆိုင်များအားလုံးကို ပိတ်ခိုင်းထားခြင်းဖြစ်သည်။

Stay at Home ကာလအတွင်း အခြေခံလူသုံးကုန်များဖြစ်သည့် ဆေးဝါးပစ္စည်းဆိုင်၊ ရေသန့်၊ ဆပ်ပြာ၊ ဆန်၊ ဆီ၊ မုန့်ဆိုင် နှင့် အိမ်ဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များသာ သတ်မှတ်ချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချခွင့်ပေးထားပြီး ရွှေဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်အမျိုးမျိုး၊ ဆံပင်ညှပ်ဆိုင်၊ အလှကုန်ဆိုင်၊ ဝပ်ရှော့ နှင့် လေထိုးကျွတ်ဖာ ဆိုင်ကယ်ပြင်ဆိုင်များ၊ စောင်မွေ့ယာ၊ ခြင်ထောင် စသည့် အိမ်တွင်း ပရိဘောဂအရောင်းဆိုင်၊ ဖုန်းဆိုင်၊ ဖိနပ်ဆိုင်စသည့် အလားတူဆိုင်များကို ပိတ်ခိုင်းထားခြင်းဖြစ်သည်။

#TachileikNewsAgency