တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးကို ရဲတပ်ဖွဲ့က ထိထိရောက်ရောက် ဖမ်းဆီးအရေးယူခြင်း မရှိ၍ ပြည်သူများက ကိုယ်တိုင် ဖမ်းဆီးနေရ

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးကို ရဲတပ်ဖွဲ့က ထိထိရောက်ရောက် ဖမ်းဆီးအရေးယူခြင်း မရှိ၍ ပြည်သူများက ကိုယ်တိုင် ဖမ်းဆီးနေရ
အောက်တိုဘာ 22, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုများနေ့စဉ် ဖြစ်ပွားနေသော်လည်း ရဲတပ်ဖွဲ့က ထိထိရောက်ရောက် ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသည့်အတွက် ပြည်သူများက သူခိုးများကို ကိုယ်တိုင်ဖမ်းနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့ ညက တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)ဈေးအနီးရှိ တိုက်ခန်းတွင် ဆိုင်ကယ်အား ခိုးရန်အတွက် လာရောက်သူ (၂)ဦးသည် ဆိုင်ကယ်အား ပိုင်ရှင်မှ ဇက်သော့ခတ်နေသည်ကို တွေ့၍ ခိုး၍မရသည့်အတွက် ယနေ့ အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်တွင် လာခိုးခြင်း ဖြစ်ကြောင်း သိရသည်။

လာခိုးချိန်တွင် ဆိုင်ကယ်ပိုင်ရှင်နှင့်အနီးနေသူများက တွေ့ရှိသွား၍ လိုက်လံဖမ်းဆီးရာ (၂)ဦးအနက် (၁)ဦးမှာ ဆိုင်ကယ်ကို ယူဆောင်မောင်းပြေးသွားပြီး ကျန်တစ်ဦးကိုတော့ ဖမ်းမိနိုင်လိုက်ကြောင်း သိရသည်။

မနေ့က ဆိုင်ကယ်လာခိုးတာ ဆိုင်ကယ်ဇက်သော့ ခတ်နေတာသိတော့ အဲ့ဒါနဲ့ သူတို့က ထွက်ပြေးသွားတာ။ မနက်မိုးလင်းတော့ နောက်တခါ လာခိုးတာ။ ဆိုင်ကယ်တစ်စီးကတော့ နောက်တစ်ယောက်နဲ့ ပါသွားတာ။

ဟု အနီးနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖမ်းဆီးရမိသည့် အမျိုးသားကို ပြည်သူများက ဝိုင်းဝန်းစစ်ဆေး မေးမြန်းရာတွင် ၎င်းသည် မြန်မာစကားကို မပြောတတ်ကြောင်း သိရပြီး ဖမ်းဆီးရမိသူများက ရဲလက်ချက်ချင်းအပ်ပါ ရဲများက ပြန်လွတ်ပေးလေ့ရှိသည့်အတွက် ဆိုင်ကယ်ပြန်ရရေး အရင်ဆုံး လုပ်ဆောင်နေသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း(၂၆၀)ကျော်အတွင်း ဆိုင်ကယ်များနေ့စဉ် အနည်းဆုံး (၂)စီးကျော်အထိ ခိုးခံနေရပြီး စုစုပေါင်း ဆိုင်ကယ်အစီးရေ (၅၀၀)ဝန်းကျင်နီးပါးအထိ ခိုးခံထားရသော်လည်း ပြီးခဲ့သည့် အောက်တိုဘာလ (၂) ရက်နေ့မှစ၍ (၃)ရက်အတွင်း ဆိုင်ကယ်(၁၈)စီးနှင့်အတူ ဆိုင်ကယ်သူခိုး (၂၁)ဦးကို ဖမ်းမိသည်ဟု တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့က စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့အား တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ယူပြီး ဆိုင်ကယ်သူခိုးများအား ဖမ်းမိကြောင်း အဖမ်းပြသော်လည်း အောက်တိုဘာလ၏ ဒုတိယပတ်အတွင်းက အဆိုပါ (၂၁)ဦးထဲမှ အချို့ကို ပြန်လွှတ်ပေးလိုက်သည်များရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။