တာချီလိတ်မြို့တွင် အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ ဘိလပ်မြေအိတ်ခွံ စုဆောင်း

တာချီလိတ်မြို့တွင် အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ ဘိလပ်မြေအိတ်ခွံ စုဆောင်း
စက်တင်ဘာ 6, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့က ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းအတွင်း ဘိလပ်မြေအိတ်ခွံများ လိုက်လံတောင်းခံ၊ ဝယ်ယူ စုဆောင်းနေကြောင်း သိရသည်။

စစ်တပ်က ဘိလပ်မြေအိတ်ခွံတွေ လိုက်စုနေတယ်။ တပ်အပြင် ပြည်သူ့စစ်အဖွဲ့ကလည်း အကာအကွယ်လုပ်ဖို့ အိတ်ခွံတွေ လိုက်စုနေတာ။ သဲထည့်ဖို့ဆိုပြီး အလုပ်ဆိုဒ်ကို (၂)ခါတောင် လာတောင်းတယ်။ အလုပ်ဆိုဒ်တစ်ခုမှာဆိုရင် စစ်တပ်ကလည်း လာတောင်းသလို ပြည်သူ့စစ်ကလည်း လာတောင်းတယ်။

ဟု  ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အုတ်လုပ်သည့်နေရာများနှင့် ဘိလပ်မြေသုံးသည့် နေရာများတွင် အိတ်ခွံများ လိုက်လံတောင်းယူခြင်းအပြင် အိတ်ခွံတစ်လုံးလျှင် ထိုင်းဘတ်ငွေ (၁)ဘတ်နှုန်းဖြင့်ပါ မှာယူထားကြကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နှစ်စဉ်မိုးရာသီအတွင်း ရေကြီးရေလျှံတတ်သဖြင့် နေအိမ်အတွင်း ရေမဝင်စေရန်အတွက် ဘိလပ်မြေအိတ်ခွံများဖြင့် သဲအိတ်ပြုလုပ်ကာ ရေကာသည့် အရံအတားအဖြစ် အသုံးပြုလေ့ရှိကြသော်လည်း အာဏာသိမ်းတပ်နှင့် ပြည်သူ့စစ်က ဘိလပ်မြေအိတ်ဝယ်ယူခြင်းမှာ ဖေါက်ခွဲမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများအတွက် အကာအရံလုပ်ရန် ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

ယခုရက်ပိုင်းများအတွင်း မြို့အဝင်အထွက် စစ်ဆေးရေးလုပ်နေသည့် နေရာအချို့၌ သဲအိတ်များကာရံထားသည်ကို တွေ့လာရသည်ဟု ဒေသခံများထံမှ သိရသည်။