တာချီလိတ်မြို့တွင်  KTV၊ Bar နှင့် စားသောက်ဆိုင်များ ည(၈)နာရီနောက်ပိုင်း မဖွင့်ရန် ညွှန်ကြားထား

တာချီလိတ်မြို့တွင်  KTV၊ Bar နှင့် စားသောက်ဆိုင်များ ည(၈)နာရီနောက်ပိုင်း မဖွင့်ရန် ညွှန်ကြားထား
ဧပြီ 10, 2021 | ရှမ်းရှေ့

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း တာချီလိတ်မြို့တွင် ည(၈)နာရီနောက်ပိုင်း KTV၊ Bar နှင့် စားသောက်ဆိုင်များ  မဖွင့်ရန်အသိပေးရေး မြို့နယ်ကတဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် ဧပြီလ(၁၀)ရက်နေ့တွင် ညွှန်ကြားထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အများပြည်သူများ ည(၈)နာရီမထွက်ရန် ထွက်၍ လမ်းပေါ်တွင် လှည့်ကင်းအဖွဲ့က စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူမည်ဟု အသိပေးထုတ်ပြန်ထားသည့်အတွက် ည(၈)နာရီ နောက်ပိုင်းတွင် လမ်းပေါ်သို့ ထွက်သူမှာ နည်းပါးသွားခဲ့သော်လည်း စားသောက်ဆိုင် နှင့် KTV အချို့မှာ ဖွင့်လှစ်ထားရှိပြီး ဆူညံသံများ  ထွက်ပေါ်လာနေဆဲဖြစ်ကြောင်း သိရသည်။

ဧပြီလ(၉)ရက်နေ့ ညပိုင်းကလည်း ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြန်မာတိုးနယားကွင်းအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်အနီးတွင်လည်း အသံဗုံးတစ်လုံးပေါက်ပွဲမှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုများမရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၁၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှတဆင့် KTV၊ Bar နှင့် စားသောက်ဆိုင်များအား ည(၈)နာရီနောက်ပိုင်း ဖွင့်လှစ်ခြင်း မပြုလုပ်ရန် ကျယ်ကျယ်ပြန့်ပြန့်အသိမှုများ လုပ်ဆောင်ရန် နှင့် ည(၈)နာရီနောက်ပိုင်း ဖွင့်လှစ်သည့် ဆိုင်များရှိသည်ကို တိုင်ကြားလာပါက အရေးယူရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

ယခုကာလအတွင်း ညပိုင်းထွက်သူများကို စစ်ဆေးတွေ့ရှိရပါက ဖုန်းများကိုပါ ယူပြီး စစ်ဆေးမှုပါ လုပ်ဆောင်ကြောင်း သိရသည်။