တာချီလိတ်မြို့တွင် တားမြစ်ကာလအတွင်း ဖွင့်လှစ်သည့် KTV & Bar မှ ဖမ်းခံရသူ (၅၈)ဦးထဲက (၁၀)ဦးထံတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် တားမြစ်ကာလအတွင်း ဖွင့်လှစ်သည့် KTV & Bar မှ ဖမ်းခံရသူ (၅၈)ဦးထဲက (၁၀)ဦးထံတွင် Covid-19 ပိုးတွေ့
စက်တင်ဘာ 6, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် တားမြစ်ထားသည့်ကာလအတွင်း ဖွင့်လှစ်သည့် KTV နှင့် BAR မှ ဖမ်းဆီးခံရသူ (၅၈)ဦးအနက် (၁၀)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအား မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ဝမ်ပုံနယ်မြေရဲစခန်းတွင် ခေတ္တချုပ်ထားပြီး Covid-19 စစ်ဆေးရာမှ အမျိုးသား(၇)ဦး နှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၀)ဦးတွင် Covid-19 ပိုးစစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း နှင့် ကျန်ပိုးမတွေ့သူများကိုလည်း သတ်မှတ်ရက်တွင် ဆက်လက်စစ်ဆေးမည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် (၅၈)ဦးသည် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဘေးရှိ Lon Lon KTV & Bar တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ၂၀၂၁ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့အကူး နံနက်(၃)နာရီအချိန်တွင် ဝင်ရောက်ဖမ်းဆီးရာမှ ဖမ်းခံရသည့် အမျိုးသား(၂၄)ဦး နှင့် အမျိုးသမီး (၃၄)ဦး စုစုပေါင်း (၅၈)ဦးဖြစ်သည်။

ဖမ်းခံရသူများအားလုံးကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၈၁/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ- ၂၅/၃၀(က)ဖြင့် အမှုဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အမှုဖွင့်တာကတော့ သဘာဝဘေးနဲ့ပဲ ဖွင့်တာ။ သဘာဝဘေး ပုဒ်မ- ၂၅/၃၀(က)တွေက ငွေဒဏ်နဲ့လည်း ပြီးလို့ရတယ်။ အဓိက ကတော့ မြို့နယ်တရားသူကြီးရဲ့ ဆင်ခြင်ထုံးတရားနဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ သက်ဆိုင်တာပေါ့။ ထောင်(၁)လ ချမယ်ဆိုလည်း သူ့ပေါ်ပဲ မူတည်တာ။ ကျွန်တော်တို့ကတော့ ဖမ်းဆီးရေးအပိုင်းပဲ ဆိုင်ပါတယ်။

ဟု အမည်မဖော်လိုသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၆)ရက်နေ့တွင် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၁၀)ရက်နေ့က ဖမ်းဆီးမှုတွင်လည်း KTV တွင် ရေကြောင်းရဲအပါအဝင် အခြားဌာနများမှ ဝန်ထမ်းများ နှင့် KTV ဆိုင်မှ အမျိုးသမီးဝန်ထမ်း စုစုပေါင်း (၂၀)ကျော်ကို ဖမ်းမိပြီး ညမထွက်ရအမိန့်ချိုးဖောက်မှုဖြင့် အမှုဖွင့်ပြီး ဖမ်းမိသည့် ဝန်ထမ်းများကို  ဒဏ်ငွေကျပ်  (၅၀,၀၀၀)သာ သတ်မှတ်ပြီး အမျိုးသမီးများကို ထောင်ဒဏ်(၁)လစီ မြို့နယ်တရားရုံးက သတ်မှတ်ခဲ့ကြောင်း ဖြစ်စဉ်များလည်း ရှိခဲ့သည်။ 

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ကို သတ်မှတ်ထားသော်လည်း ယခင်ကတည်းက ညပိုင်း တားမြစ်မိန့်ကို ချိုးဖောက်ကာ KTV နှင့် Club များ ဖွင့်လှစ်နေသည့်အတွက် ထိုမှတဆင့် Covid-19 ကူးစက်မှုများ စတင်ခဲ့ပြီး Covid-19 တတိယလှိုင်းတွင် သေဆုံးသူများလည်း မြှင့်တက်လာနေသည်။