အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရလိုသူများကို KNU ကူညီမည်

အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရလိုသူများကို KNU ကူညီမည်
စက်တင်ဘာ 4, 2021 | နိုင်ငံရေး

အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အဖွဲ့အစည်းတိုင်းနှင့် KNU အနေဖြင့် လက်တွဲမည်ဖြစ်ပြီး အာဏာသိမ်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရယူလိုသူ မည်သူကိုမဆို KNU က တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးမည်ဟု ကြေညာလိုက်သည်။



ပြည်သူလူထုအနေဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် တတ်နိုင်သည့်ဘက်မှ နည်းမှန်လမ်းမှန်ဖြင့် ကူညီထောက်ခံကြောင်း ထုတ်ဖေါ်ပြသကြရန်လည်း တိုက်တွန်းထားသည်။



နှစ်ရှည်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကို ဖြေရှင်းပြီး စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်မည်ဟု ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် KNU က ကြေညာလိုက်ခြင်းဖြစ်သည်။



KNU Concerned Group က စစ်တပ်က လူထုဆန္ဒကိုဆန့်ကျင်၍ အဓမ္မအာဏာသိမ်းကတည်းက NCA ပျက်ပြယ်ပြီဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေးနှင့်အတူ တစ်ညီတစ်ညွတ်တည်း တိုက်ပွဲဝင်သွားကြရန် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့တွင် လူထုကို အသိပေးကြေညာထားသည်။



KNU Concerned Group အနေဖြင့် CRPH/NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကြိုဆိုထောက်ခံပြီး စွမ်းစွမ်းတမံပံ့ပိုးဆောင်ရွက်သွားမည်ဟုလည်း ကြေညာထားခြင်းဖြစ်သည်။