ရှမ်းပြည်နယ်အတွင်း ရခိုင်ပြည်နယ်နှင့် ရန်ကုန်တို့မှ ပြန်လာသူအချို့ ခရီးစဉ် နှင့် နေရပ်လိပ်စာ လိမ်ညာပြောသူများ ရှိနေ

ရှမ်းပြည်နယ်အတွင်း ရခိုင်ပြည်နယ်နှင့် ရန်ကုန်တို့မှ ပြန်လာသူအချို့ ခရီးစဉ် နှင့် နေရပ်လိပ်စာ လိမ်ညာပြောသူများ ရှိနေ
စက်တင်ဘာ 7, 2020
By Tachileik News Agency

 

ရှမ်းပြည်နယ်အတွင်း ရခိုင်ပြည်နယ်နှင့် ရန်ကုန်တို့မှ ပြန်လာသူအချို့ ခရီးစဉ် နှင့် နေရပ်လိပ်စာ လိမ်ညာပြောသူများ ရှိနေ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့သို့ ရန်ကုန်နှင့် ရခိုင်ပြည်နယ်တို့မှ ပြန်လာနေသူအားလုံးကို မိမိအစီအစဥ်ဖြင့် Quarantine ဝင်ရမည်ဟု ကျောက်မဲရှိ  ကျန်းမာရေးဌာန နှင့် မြို့နယ် ကိုဗစ်ကော်မတီက တရားဝင် ကြေညာပြီးနောက်ပိုင်း  ရန်ကုန်နှင့် ရခိုင်မှ ပြန်လာသူများက ခရီးစဥ်နှင့် နေရပ်လိပ်စာ လိမ်ညာမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။ 
“ကျွန်မတို့က သူ့မိသားစုဝင်တွေနဲ့ ရင်းနှီးတယ်၊ သူက ရန်ကုန်က ပြန်လာတာကို လမ်းမှာပဲရှိသေးတယ်၊ ကျောက်မဲ က အိမ်ကိုကြိုတင်ပြီးညာခိုင်းထားတာ၊ ကျန်းမာရေးနဲ့ ထွေ/အုပ်တို့ဘာတို့ သက်ဆိုင်ရာက လာမေးတဲ့အခါ မန်းလေးက ပြန်လာတယ်လို့ ဖြေဖို့အတွက် ဖုန်းနဲ့ကြိုပြောထားတာ။ အဲ့လိုလုပ်နေကြသူတွေရှိတဲ့အပြင် ရပ်ကွက်ထဲမှာ နေတာကို လိပ်စာတွေ လိမ်ညာပေးပြီး ပုန်းနေသူတွေလဲရှိသေးတယ်။ တာဝန်သိတဲ့သူတွေက နီးစပ်တဲ့ လူမှုကူညီရေး အသင်းတွေကို အကူညီတောင်းပြီး ပြန်တင်ပြနေရတယ်”ဟု ကျောက်မဲရှိ အမှတ်(၂) ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၆)ရက်နေ့က ပြောသည်။ 
အလားတူပင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်လည်း လေယာဉ်ဖြင့် ပြန်လာသူထဲတွင် ရန်ကုန်တိုင်းဒေသကြီးထဲက Stay at Home သတ်မှတ်ထားသည့် မြို့နယ် (၇)မြို့နယ်ထဲမှ လာသော်လည်း Facility Quarantine သတ်မှတ်ခံရမည်ကို စိုး၍ မြို့အမည် လိမ်ညာပြောဆိုမှုများလည်းရှိနေသည့်အတွက် တာချီလိတ်သို့ လေယာဉ်ဖြင့် ရန်ကုန်မှ လာသူများအားလုံးကို Facility Quarantine  သတ်မှတ်သင့်ကြောင့်လည်း ဒေသခံ အချို့က ဆိုကြသည်။
ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် Covid-19 ရောဂါ ကူးစက်ပျံ့ပွားနေမှုတိုးလာနေသော ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်များမှ  ကျောက်မဲမြို့သို့ ပြန်လာသူများအား စက်တင်ဘာလ (၁)ရက်ကစ၍ နေအိမ်အသွားအလာ ကန့်သတ်မှု(home quarantine)ဖြင့် ထားရှိခဲ့ရာ အများစုက မလိုက်နာဘဲ အပြင်ထွက် သွားလာနေကြခြင်းများကြောင့် စက်တင်ဘာ (၅)ရက်က စပြီး မိမိစရိတ်ဖြင့် Facility Quarantine အဖြစ် ပြောင်းလဲထားရှိလိုက်ခြင်း ဖြစ်သည်။
ရောဂါပျံ့ပွားမှုများပြားနေသောမြို့များနှင့် ပြည်ပမှ ပြန်လာသူများကို Quarantine အဖြစ်ထားရှိရန် သင့်မသင့်အား ကျောက်မဲရှိ ခရိုင်ကျန်းမာရေးနှင့် တာဝန်ရှိသူများက အဆုံးအဖြတ်ပေးခြင်းဖြစ်ပြီး စက်တင်ဘာ (၅) ရက်နေ့က စတင်ကာ ကျောက်မဲမြို့ အမှတ် (၁)ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ် (၈)ရပ်ကွက်ရှိ ရက်ကန်းကျောင်းတို့တွင် မိမိစရိတ်ဖြင့် Facility Quarantine အဖြစ် ထားရှိလိုက်ပြီးနောက် ပြန်လာသူ အချို့က နေရပ်လိပ်စာနှင့် ခရီးစဥ် လိမ်ညာပြောဆိုမှုများ ရှိနေကြောင်းနှင့် စက်တင်ဘာ (၇)ရက်နေ့ နံနက်ပိုင်းတွင် ခရီးမှပြန်လာသူ နှစ်ဦးက နေရပ်လိပ်စာအမှန်မပေးထားသည့် အတွက် ခရိုင်ကျန်းမာရေးက လိုက်လံရှာဖွေနေရကြောင်း သိရသည်။
ကျောက်မဲပြည်သူ့ဆေးရုံရှိ Isolation Ward တွင် သံသယစောင့်ကြည့်တစ်ဦးရှိပြီး ဓါတ်ခွဲအဖြေအရ ပိုးမရှိကြောင်း စက်တင်ဘာ (၇)ရက် နံနက်က အဖြေရထားကာ ဆက်လက်၍  ပြည်ပပြန်နှင့် ရန်ကုန်၊ ရခိုင်ပြန်သူ စုစုပေါင်း (၂၈)ဦးကိုလည်း ဓါတ်ခွဲနမူနာများ ရယူပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းနေကြောင်း သိရသည်။ 
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့တွင် စက်တင်ဘာ၏ ပထမပတ်အတွင်းက စ၍   မြို့အဝင်လမ်းဆုံ၌ ကျန်းမာရေးရာဇဝင် စစ်ဆေး ကောက်ယူသည့် Check Point ကို ပြန်လည်ထားရှိထားကြောင်းနှင့် လားရှိုးမြို့တွင်လည်း အလားတူ ထားရှိခဲ့ပြီး လားရှိုးမြို့ အဝင် အထွက်များကို နံနက် (၆)နာရီ မှ ည (၉)နာရီထိသာ ခွင့်ပြုသည်အထိ တင်းကြပ်ထားသည်ဟု သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~