မြန်မာနိုင်ငံအတွင်း ဆရာဝန်တစ်ဦး COVID-19 ကူးစက်ခံရ၍ အတည်ပြုလူနာ (၃၁)ဦး ရှိလာ

မြန်မာနိုင်ငံအတွင်း ဆရာဝန်တစ်ဦး COVID-19 ကူးစက်ခံရ၍ အတည်ပြုလူနာ (၃၁)ဦး ရှိလာ
ဧပြီ 11, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း ဆရာဝန်တစ်ဦး  COVID-19 ကူးစက်ခံရ၍ အတည်ပြုလူနာ (၃၁)ဦး ရှိလာ 

အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည့်  ဆရာဝန်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် အင်္ဂလန်မှပြန်လာသူတစ်ဦးတို့ကို COVID 19 အတည်ပြုလူနာများဖြစ်လာ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့တွင် မြန်မာနိုင်ငံ၌ အတည်ပြုလူနာ (၃၁)ဦး ရှိလာပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဧပြီလ (၁၁)ရက်နေ့တွင် ဓါတ်ခွဲနမူနာ (၁၆၄)ခု ကို စစ်ဆေးခဲ့ရာ၌ (၃)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရပြီး ကျန်လူနာများနှင့် စောင့်ကြည့်ထားသူများတွင် ပိုးမတွေ့ရကြောင်း သိရသည်။

ဓါတ်ခွဲအတည် ပြုလူနာ (Case-029) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှ အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး အင်္ဂလန်နိုင်ငံမှ မတ်လ (၂၈)ရက်နေ့တွင် ပြန်ရောက်သဖြင့်  ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူဖြစ်ပြီး ၎င်းအား တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-030) သည် ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးအား အနီးကပ် ဆေးကုသမှုပေးခဲ့သည့် ရာဇဝင်ရှိခဲ့သည့် တာဝန်ထမ်းဆောင်နေသော ဆရာဝန်တစ်ဦးဖြစ်ပြီး ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-031) သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ အသက် (၄၉)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case-001) ကလေးမှ တီးတိန်သို့သွားစဉ် ညအိပ်တည်းခိုခဲ့သည့်နေအိမ်မှဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၁၈) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ တီးတိန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦးတို့ ကုသပေးနေပြီး  ဝေဘာဂီအထူးကု ဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ကုသပေးနေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၃၁)ဦးအနက် သေဆုံးသူ (၃)ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ (၂)ဦးနှင့်  ကုသမှုခံယူနေဆဲ (၂၆)ဦးရှိနေခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~