တာချီလိတ်မြို့တွင် Mark 2 ကားစီးသည့် ရဲတပ်ဖွဲ့က ဆိုင်ကယ်ကို ကားဖြင့် လိုက်တိုက် ဖမ်း

တာချီလိတ်မြို့တွင် Mark 2 ကားစီးသည့် ရဲတပ်ဖွဲ့က ဆိုင်ကယ်ကို ကားဖြင့် လိုက်တိုက် ဖမ်း
ဇွန် 20, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၀)ရက်နေ့ ည(၉)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က  Golden Cherry Hotel အနီးရှိ ဟိန္ဒူဘုရားကျောင်း၏ လမ်းကြားတွင် အာဏာသိမ်းအဖွဲ့မှ စီးလာသည့်    Mark 2 အမျိုးအစား ကားတစ်စီးသည် လူ(၂)ဦး စီးလာသည့် ဆိုင်ကယ်အား လိုက်တိုက်၍ ဖမ်းဆီးမှု လုပ်ဆောင်ကြောင်း သိရသည်။

ကားဖြင့် လိုက်တိုက်မှုကြောင့် ဆိုင်ကယ်မှာ လဲသွားပြီး၊ ဆိုင်ကယ်အား ထားခဲ့ကာ လူ(၂)ဦးမှာ ထွက်ပြေးသွားသော်လည်း ဆက်လက် ဖမ်းဆီးရမိခြင်း ရှိ မရှိကိုတော့ မသိရကြောင်း မြင်တွေ့ရသူ တစ်ဦးက ပြောသည်။

ဘုရားကျောင်းနားလမ်း အနိမ့်အမြင့်ရောက်တော့ ဆိုင်ကယ်ကအရှိန်လျော့ချိန်မှာ မီသွားတာ တိုက်ခံထိပြီး ဆိုင်ကယ်လဲတော့ ထွက်ပြေးတာပဲတွေ့လိုက်တယ်။ လူတော့ လွတ်မလွတ်မသိဘူး ဆိုင်ကယ် ကျန်ခဲ့တယ်။ ဆိုင်ကယ်ကနည်းနည်းဟောင်းတယ်

ဟု မျက်တွေ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ယနေ့ ည(၁၀)နာရီအချိန်တွင် ပြောသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအဖြစ် ည(၈)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားသော်လည်း KTV နှင့် Club အပါအဝင် Bar များ ဖွင့်လှစ်ခွင့်ပြုထားသလို ညထွက်သူများကိုလည်း ရဲနှင့်စစ်တပ်ပေါင်းပြီး ဖမ်းဆီးနေသည်။

#TachileikNewsAgency