ကျိုင်းတုံ နည်းပညာတက္ကသိုလ်မှ CDM ဆရာ၊ဆရာမများကို စစ်ဆေးရေးအဖွဲ့ဖြင့် စစ်မည်ဆိုသည့် ကိစ္စကို ကျောင်းသားသမဂ္ဂအဖွဲ့က လက်မခံ

ကျိုင်းတုံ နည်းပညာတက္ကသိုလ်မှ CDM ဆရာ၊ဆရာမများကို စစ်ဆေးရေးအဖွဲ့ဖြင့် စစ်မည်ဆိုသည့် ကိစ္စကို ကျောင်းသားသမဂ္ဂအဖွဲ့က လက်မခံ

ကျိုင်းတုံမြို့ရှိ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တွင် စစ်အာဏာရှင်ကိုအားပေးပြီး CDM မလုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများဖြင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ CDM လုပ်ဆောင်ထားသည့် ဆရာ၊ ဆရာမများကို  စစ်ဆေးမည်ဖြစ်သည့်အတွက် လာရောက် စစ်ဆေးခံရန် အကြောင်းကြားထားသည့် ကိစ္စကို နည်းပညာတက္ကသိုလ်(ကျိုင်းတုံ) ကျောင်းသားများ သမဂ္ဂ က လက်မခံနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကျိုင်းတုံတက္ကသိုလ်၏ CDM ဆရာ၊ဆရာမများကို စစ်ဆေးရေးပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်၍ စစ်အာဏာရှင်လက်ပါးစေ  Non CDM လောက်ကောင်များအား မိမိတို့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအနေဖြင့် ဆရာ/မအဖြစ် လုံးဝ(လုံးဝ)မသတ်မှတ်ပါ ကြောင်း နှင့် CDM ဆရာ၊ဆရာမများကို စစ်ဆေးမည်ကို လက်မခံကြောင်း  မေလ(၇)ရက်နေ့တွင် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ) ကျောင်းသားများ သမဂ္ဂ က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ 



CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများကို "ဦးစီးဌာန၏ ညွှန်ကြားချက်အရ စစ်ဆေးမှုခံယူရန် စစ်ဆေးရေးအဖွဲ့နှင့် ၁၀.၅.၂၀၂၁နေ့ (10am to 4pm)အတွင်း အစည်းအဝေးခန်းမသို့ လာရောက် တွေ့ဆုံပါရန် အကြောင်းကြားပါသည်"ဟု ဖုန်း Messages များ၊ နှင့် Facebook Messenger တို့ကနေ ပေးပို့ အသိပေးလာနေကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ CDM လုပ်ဆောင်နေသည့် ပါမောက္ခများ အပါအဝင် သရုပ်ပြများအထိ စုစုပေါင်း (၃၆)ဦးသည် စစ်အာဏာရှင်၏ အာဏာကို ဖီဆန်ကာ ပြည်သူများ၏ အနာဂတ်ကို ရှေးရှုပြီး CDM လုပ်ဆောင်မှုကြောင့် ဒုပါမောက္ခချုပ်ဒေါက်တာကျော်သာထွန်းက လက်မှတ်ရေးထိုးပြီး မေလ(၆)ရက်နေ့ ရက်စွဲဖြင့် တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်းလည်း သိရသည်။