တာချီလိတ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူအရေအတွက် တိုးနေဆဲဖြစ်ပြီး လူကြီးများတွင် အဖြစ်များနေ

တာချီလိတ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူအရေအတွက် တိုးနေဆဲဖြစ်ပြီး လူကြီးများတွင် အဖြစ်များနေ
ဇူလိုင် 30, 2020
By 🌸
တာချီလိတ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူအရေအတွက် တိုးနေဆဲဖြစ်ပြီး လူကြီးများတွင် အဖြစ်များနေ

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် မြို့နယ် (၄)ခုအနက် တာချီလိတ်တွင် အများဆုံးဖြစ်ပွားနေပြီး လူကြီးများတွင် အဖြစ်များနေကြောင်း သိရသည်။

“အများစုက လူကြီးတွေဖြစ်နေတယ်။ (၆၀) ရာခိုင်နှုန်းလောက်က အသက် (၂၀)ကနေ (၅၀)ကျော်ဝန်းကျင်တွေ များပါတယ်။ သွေးလွန်တုပ်ကွေးက နှစ်တိုင်းလိုလို လူကြီးဖြစ်တဲ့နှုန်းက တက်လာတယ်။ တရိပ်ရိပ်တက်လာတာ။ လူကြီးတွေဆက်တိုက်ဖြစ်လာတာ။ ပြီးခဲ့တဲ့နှစ်ကဆို  (၁၅)နှစ်အထက်က (၇၀) ရာခိုင်နှုန်းလောက်ရှိတယ်”

ဟု  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် မိုင်းယောင်းမြို့နယ်တို့၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ဇူလိုင်လ (၂၈)ရက်နေ့အထိ စုစုပေါင်း (၂၆၀)ကျော်ရှိနေကြောင်း သိရသည်။

“ ဒီတစ်ပတ်မှာ တာချီလိတ်က (၈၂) ယောက်တောင်ရှိတယ်ဆိုတော့ နည်းနည်းတော့  များတော့ များနေတယ်။ တာချီလိတ်၊ ကျိုင်းတုံ၊  မိုင်းတုံ၊ မိုင်းယောင်းမြို့နယ်တွေထဲမှာ တာချီလိတ်က အများဆုံးဖြစ်နေတယ်”

ဟု  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

သွေးလွန်တုပ်ကွေးလူနာများနေသည့် တာချီလိတ်မြို့နယ်အတွင်း ဖုံး သွန် လဲ စစ် လုပ်ငန်း၊ အဘိတ်ဆေးခပ်သည့် လုပ်ငန်းများအပြင် လူနာတွေ့သည့်နေရာများတွင် ခြင်ဆေးမှုတ်ခြင်းကို စနစ်တကျ လုပ်ဆောင်နေသော်လည်း လူနာဦးရေ တိုးနေဆဲဖြစ်၍ မိမိတို့နေအိမ်နှင့် အနီးဝန်းကျင်တွင် ခြင်ပေါက်ပွားစေသည့် ပိုးလောက်လန်းများ မရှိစေရေး သတိထားဆောင်ရွက်ကြရန်ကို ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက တိုက်တွန်းထားသည်။

သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် သယ်ဆောင်သည့်ခြင်သည် ရေကြည်ရေသန့်တွင် ပေါက်ပွားတတ်သဖြင့် ရေထည့်ထားသည့် အိုးခွက်ပန်းကန်များ၊ ရေလှောင်သည့်နေရာများနှင့် ရေတင်ကျန်နိုငသည့်နေရာများတွင် ပိုးလောက်လန်းမရှိစေရန် သတိထားရှင်းလင်းခြင်းဖြင့် ကာကွယ်နိုင်မည့်အပြင် သွေးလွန်တုပ်ကွေးဖြစ်ပွားစေသည့်ခြင်သည် နေ့ခင်းဘက်တွင် ရှိတတ်သဖြင့် ခြင်ကိုက်ခံရခြင်းမရှိစေရန် ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေး ကာကွယ်နိုင်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~