လွိုင်ကော်မြို့တွင် ပင်လောင်းမှ ကျန်းမာရေးမကောင်း၍ ပြန်လာသည့် အမျိုးသမီး တစ်ဦးတွင် Covid-19 ပိုးတွေ့

လွိုင်ကော်မြို့တွင် ပင်လောင်းမှ ကျန်းမာရေးမကောင်း၍ ပြန်လာသည့် အမျိုးသမီး တစ်ဦးတွင် Covid-19 ပိုးတွေ့
ဇွန် 30, 2021 | Covid-19| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျန်းမာရေးမကောင်း၍  ပင်လောင်းမြို့မှ ပြန်လာသော အသက် (၆၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးထံတွင် ဇွန်လ (၂၉)ရက်နေ့က  Covid-19 ပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

အဆိုပါ အသက် (၆၁) နှစ်အရွယ် အမျိုးသမီးမှာ ပင်းလောင်းမြို့ရှိ ဆွေမျိုးတော်စပ်သူထံ သွားရောက်နေထိုင်ကာ ဈေးရောင်းသည့် အလုပ် လုပ်ကိုင်ခဲ့ပြီး နေမကောင်းသောကြောင့် ဆေးခန်းပြရာတွင်လည်း မသက်သာ၍ ဇွန်လ(၂၉)ရက်နေ့တွင် လွိုင်ကော်မြို့သို့ ပြန်လာပြီး လွိုင်ကော်ဆေးရုံကြီးတွင် ဆေးကုသရန် သွားရောက်စဥ် စစ်ဆေးချက်အရ Covid-19 ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ပိုးတွေ့ရှိသူ အမျိုးသမီးမှာ ပင်လောင်းမြို့မှ ဖယ်ခုံမြို့ထိ အငှားကားဖြင့် လာရောက်ခဲ့ပြီး လွိုင်ကော်မြို့ ဒေါတမရပ်ကွက်မှ ဆွေမျိုးတော်စပ်သူ အမျိုးသား (၁)ဦးမှာ ကားဖြင့် ဖယ်ခုံမြို့မှ သွားရောက်ခေါ်ဆောင်ခဲ့ကာ လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး စစ်ဆေးကြည့်ရာ Covid ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပိုးတွေ့ရှိသူ အမျိုးသမီးအား ဆေးရုံသို့ ပို့ဆောင်စဥ် ဆေးရုံသို့ လာရောက်ခဲ့သော ၎င်း၏ သားဖြစ်သူ အမျိုးသား (၂)ဦးနှင့် ချွေးမ (၁)ဦးတို့အား ထိတွေ့မိသူများအဖြစ် Quarantine ချက်ချက်ချင်း ထားရှိခဲ့ကြောင်း သိရသည်။.

အဆိုပါ အမျိုးသမီးအား ကားဖြင့် သွားကြို၍ ဆေးရုံသို့ပို့ဆောင်ကာ လွိုင်ကော်မြို့ ဒေါတမရပ်ကွက် နေအိမ်သို့ ပြန်သွားသော ကားသမား နှင့် မိသားစုဝင်များဖြစ်သော အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦးတို့အား ရွှေလွိုင်ကော် ပရဟိတအသင်းမှ သွားရောက်ခေါ်ဆောင်၍   Quarantine ထားရှိထားကြောင်း သိရပြီး ထိတွေ့သူများအား Covid-19 ပိုးရှိ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

Covid-19 ပိုးတွေ့ရှိသူ အသက် (၆၁)နှစ်အရွယ် အမျိုးသမီးအား လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး၏ သီးသန့်ဆောင်တွင် ထားရှိကာ ကုသမှုပေးနေကြောင်း သိရသည် ။ 

ကရင်နီ(ကယား)ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ( ၃၁)ရက်နေ့ထိ Covid-19 အတည်ပြုလူနာပေါင်း (၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် လွိုင်ကော်မြို့၌ ပထဆုံးအကြိမ် Covid-19 ပိုးစတင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

#TachileikNewsAgency

Photo: ရွှေလွိုင်ကော်