တာချီလိတ်စည်ပင်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်ပြီးနောက် လူငယ်တစ်ဦး ဖမ်းခံရ၊ ရဲနှင့်စစ်သား ရပ်ကွက်များအတွင်း လှည့်လည်နေ 

တာချီလိတ်စည်ပင်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်ပြီးနောက် လူငယ်တစ်ဦး ဖမ်းခံရ၊ ရဲနှင့်စစ်သား ရပ်ကွက်များအတွင်း လှည့်လည်နေ 
သြဂုတ် 27, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်မြို့နယ်စည်ပင်သယာရေးဌာနရုံးရှေ့တွင် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်အောင်မြေ ပါလျှံ(၁)အတွင်း စစ်သားများနှင့်ရဲများက လှည့်ပတ်ရှာဖွေမှုများ လုပ်ဆောင်နေကြောင်းနှင့် လူငယ်တစ်ဦး ဖမ်းခံထားရကြောင်း သိရသည်။

 ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပါလျှံ(၁)အတွင်း လိုက်လံရှာဖွေရာ CCTV မှတ်တမ်းအရ ဗုံးခွဲသူ စီးလာသည့် ဆိုင်ကယ်နှင့် တူသည်ဟုဆိုကာ  ည(၁၀)နာရီခွဲဝန်းကျင်အချိန်က လူငယ်တစ်ဦးကို လိုက်လံဖမ်းဆီးရာမှ ဖမ်းဆီးခံရကြောင်း သိရသည်။

"ဆိုင်ကယ်နဲ့ပြေးတာကို နောက်က လိုက်ဖမ်းတာပါ၊ အစက ဆိုင်ကယ်ခိုးလို့ လိုက်တယ်ထင်တာ စစ်ကားတွေလည်း ပါတယ်။ CCTV မှာ ဒီဆိုင်ကယ်နဲ့ဆိုပြီးပြောတော့ စကားပြောစက်နဲ့ဟိုဘက်က ဖမ်းခဲ့လို့ ပြောသံကြားတယ်။"ဟု အမည်မဖော်လိုသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

ပေါက်ကွဲမှု ဖြစ်ပွားရာ စည်ပင်ရုံးသည် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကညနရုံး၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ရုံး နှင့် ယာဉ်ထိန်းရဲရုံးတို့နှင့် နီးသည့်နေရာတွင် တည်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ည(၁၀)နာရီ (၁၅)မိနစ်ဝန်းကျင်တွင် စစ်တပ်နှင့်ရဲများ ရောက်ရှိကာ စစ်ဆေးမှုများပြုလုပ်ပြီး ရပ်ကွက်များအတွင် ရှာဖွေနေခြင်း ဖြစ်ကြောင်း သိရသည်။ 



ဆက်စပ်သတင်း