ညမထွက်ရ သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် စည်ပင်ရုံးရှေ့ ပေါက်ကွဲမှု ဖြစ်ပွား

ညမထွက်ရ သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် စည်ပင်ရုံးရှေ့ ပေါက်ကွဲမှု ဖြစ်ပွား
သြဂုတ် 27, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်မြို့နယ်စည်ပင်သယာရေးဌာနရုံးရှေ့တွင် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ည(၁၀)နာရီ (၁၅)မိနစ်ဝန်းကျင်တွင် စစ်တပ်နှင့်ရဲများ ရောက်ရှိနေကြောင်း သိရပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိ မရှိကိုတော့ မသိရသေးပါ။

စည်ပင်ရုံးနားမှာ ပေါက်ကွဲသံအကျယ်ကြီးပဲ တစ်ချက်ကြားလိုက်တယ်။ အတော်လေးကျယ်တယ်။ ဘာတွေဖြစ်လဲတော့မသိဘူး

ဟု စည်ပင်ရုံးအနီး မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ စည်ပင်ရုံးသည် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကညနရုံး၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ရုံး နှင့် ယာဉ်ထိန်းရဲရုံးတို့နှင့် နီးသည့်နေရာတွင် တည်ရှိသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအဖြစ် ည(၈)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားခြင်း ဖြစ်သည်။