တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပြောင်းလဲ ခန့်ထားလိုက်သည့် ပြည်ထောင်စုဝန်ကြီး (၁၁)ဦး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပြောင်းလဲ ခန့်ထားလိုက်သည့် ပြည်ထောင်စုဝန်ကြီး (၁၁)ဦး
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး
By Tachileik News Agency

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး အသစ် (၁၁) ဦး ခန့်အပ်တာဝန်ပေးလိုက်ပြီး ဒုဝန်ကြီး (၂၄)ဦးကို တာဝန်မှ ရပ်စဲလိုက်သည်။

အသစ်ခန့်အပ်တာဝန်ပေးလိုက်သည့် ပြည်ထောင်စုဝန်ကြီးများမှာ  နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအဖြစ် ဦးဝင်းရှိန်တို့ ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် ဦးကိုကိုနိုင်၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဦးကိုကို၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် ဦးမြင့်ကြိုင် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးအဖြစ် ဒေါက်တာသက်ခိုင်ဝင်းတို့ကို ခန့်အပ်တာဝန်ပေးလိုက်သည်။

လက်ရှိတာဝန်ထမ်းဆောင်ဆဲ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များအား ဆက်လက်တာဝန်ပေး ခန့်အပ်လိုက်သည်။