အာဏာသိမ်းစစ်ကောင်စီက အလုပ်မလျှောက်သည့် သားဖွားသင်တန်းဆင်းများကိုပါ အလုပ်ခန့်နေ

အာဏာသိမ်းစစ်ကောင်စီက အလုပ်မလျှောက်သည့် သားဖွားသင်တန်းဆင်းများကိုပါ အလုပ်ခန့်နေ
သြဂုတ် 26, 2021 | ရှမ်းရှေ့

ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းအောင်မြင်ထားသူများမှာ အလုပ်လျှောက်ထားခြင်းမရှိဘဲ အာဏာသိမ်းစစ်ကောင်စီက အလုပ်ခန့်ထားပေးနေကြောင်း သိရသည်။

အလုပ်ခန့်ထားတယ်ဆိုတာကို ကြော်ငြာစာတွေ့မှ သိရတာ။ အလုပ်လျှောက်ထားတာလည်း မရှိဘဲ အလုပ်ခန့်လာတာ။ ပြီးခဲ့တဲ့လတုန်းကတော့ နေပြည်တော်က ဖုန်းဆက်လာတာရှိတယ်။ ဒီနှစ်က အလုပ်လျှောက်စရာမလိုဘဲ အလုပ်ခန့်မယ်ပေါ့။ ကိုယ်ကလည်း လျှောက်ဖို့လည်း အစီအစဉ်မရှိတော့ ဒီတိုင်းပဲ နားထောင်ထားလိုက်တယ်။ ပုံမှန်ဆိုရင် သားဖွားသင်တန်းဆင်းတွေက တစ်နှစ်ကို တစ်ခါ အလုပ်ခေါ်တာ။ အလုပ်ဝင်ချင်သူက အလုပ်လျှောက်ရတာ။ နေပြည်တော်မှာ နှုတ်ဖြေသွားဖြေရတယ်။ အခုက သူတို့ခန့်လည်း အလုပ်ဝင်ဖို့ လျှောက်ထားတာလည်း မရှိတော့ မလုပ်ပါဘူး

ဟု ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း သားဖွားဆရာမအဖြစ် ခန့်ထားခံရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၂၆)ရက်နေ့ ညနေပိုင်းက ပြောသည်။

 အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)က သားဖွားဆရာမ (၃၅) ဦးကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့ နေ့စွဲဖြင့်  အလုပ်ခန့်ထားကြောင်း ရုံးအမိန့်စာတစ်စောင် ထွက်လာသည်ကို တွေ့ရသည်။

တော်တော်များများက သူတို့ မလျှောက်ထားကြတာများတယ်။ အမည်စာရင်းမှာ သူတို့ အမည်ပါလာလို့ အံ့ဩနေကြတာ၊ ဘယ်လို လုပ်ရမှန်းမသိဘူးဆိုပြီးတော့ ပြောလာတာတွေရှိတယ်

ဟု  ကျန်းမာရေးဝန်ထမ်းတစ်ဦး ပြောပြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ သားဖွားသင်တန်းအောင်ထားသူ (၇၁) ဦးရှိသည့်အနက် ၂၀၂၀ ခုနှစ်က အလုပ်လျှောက်ထားပြီး အလုပ်ခန့်ထားပေးသူ (၇) ဦးရှိပြီး ၂၀၂၁ ခုနှစ်တွင် အလုပ်မလျှောက်ဘဲ ခန့်ထားခံရသူ (၃၅) ဦးစာရင်းထွက်လာကြောင်း သိရသည်။

နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းလိုက်သည့်အတွက် စစ်အုပ်ချုပ်ရေးလက်အောက်တွင် ယန္တရားမလည်ပတ်လိုသည့် ပြည်သူ့ဝန်ထမ်းအများအပြားက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သွားကြရာ ကျန်းမာရေးမှ ဝန်ထမ်း အများအပြားလည်း CDM လုပ်ဆောင်နေကြခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း သားဖွားဆရာမ(၃၅)ဦးကို CDM နေရာတွင် အစားထိုး