တာချီလိတ်တွင် သင်္ကြန်ကာလအတွင်း ဒေသန္တရအမိန့် ချိုးဖေါက်မှုဖြင့် အရေးယူခံရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် လက်ထပ်ခွင့်မတင်ဘဲ အိမ်ထောင်ပြုမှုဖြင့်ပါ ထပ်မံအရေးယူခံရ

တာချီလိတ်တွင် သင်္ကြန်ကာလအတွင်း ဒေသန္တရအမိန့် ချိုးဖေါက်မှုဖြင့် အရေးယူခံရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် လက်ထပ်ခွင့်မတင်ဘဲ အိမ်ထောင်ပြုမှုဖြင့်ပါ ထပ်မံအရေးယူခံရ
ဧပြီ 22, 2020
By Tachileik News Agency
တာချီလိတ်တွင် သင်္ကြန်ကာလအတွင်း ဒေသန္တရအမိန့်ချိုးဖေါက်မှုဖြင့် အရေးယူခံရသည့် 
ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် လက်ထပ်ခွင့်မတင်ဘဲ အိမ်ထောင်ပြုမှုဖြင့်ပါ ထပ်မံအရေးယူခံရ 

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် COVID-19 ကာကွယ်ရေး ဒေသန္တရအမိန့်ကိုချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသည့်အတွက် ထိန်းသိမ်းခံထားရသော မြန်မာနှင့်ထိုင်း (၁၂)ဦးတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ လက်ထပ်ခွင့်မတင်ဘဲ အိမ်ထောင်ပြုထားသည်ကိုတွေ့ရသဖြင့် ပုဒ်မ (၂)ခုဖြင့် အရေးယူထားကြောင်း သိရသည်။

သူက တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အတွက် လက်ထပ်ခွင့်မတင်ဘဲ အိမ်ထောင်ပြုထားတာကို တွေ့ရတဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူထားတာဖြစ်တယ်။ ပထမ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေနဲ့ အရေးယူထားတဲ့အထဲမှာလည်း သူက ပါဝင်ပတ်သက်မှုရှိတာကြောင့် ပုဒ်မ (၂)ခုနဲ့  အရေးယူဖို့ ဥပဒေအကြံပေးရရှိတာကြောင့် ပုဒ်မ (၂)ခုနဲ့ အရေးယူထားခြင်းဖြစ်ပါတယ်။  ရဲတပ်ဖွဲ့ဝင်တွေဟာ  ရဲစည်းကမ်းကို ထိခိုက်တယ်ဆိုရင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ပါ အရေးယူရတာဖြစ်ပါတယ်

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမလုပ်ရန်၊ သင်္ကြန်ပွဲမကျင်းပရန် ဒေသန္တရအမိန့်ထုတ်ထားသည့်ကာလအတွင်း ဝမ်ကောင်းရပ်ကွက်၊ သဇင်လမ်းရှိ Mr.CRUSH Bar တွင် ဧပြီလ (၁၂)ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံသားများအပါအဝင်  လူစုလူဝေးဖြင့် သင်္ကြန်ပါတီ ကျင်းပခဲ့သည်ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက Live လွှင့်ခဲ့ခြင်းဖြစ်သည်။

Live ထုတ်လွှင့်မှုကြောင့် အများပြည်သူအပါအဝင် ရဲတပ်ဖွဲ့ဝင်များ သိသွားပြီးနောက် သွားရောက်ဖမ်းဆီးရာ ပါတီပွဲ Live ထုတ်လွှင့်သည့် ရဲတပ်ဖွဲ့ဝင်အပါအဝင် ပါတီပွဲတွင်ပါဝင်သည့် အမျိုးသမီး (၂)ဦး၊ အမျိုးသား (၇)ဦနှင့်  ထိုင်းနိုင်ငံသူ (၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ပါတီပွဲတွင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်အပါအဝင် စုစုပေါင်း (၁၂)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် ဧပြီလ (၁၂)ရက်နေ့က (ပ) ၂၀၅/၂၀၂၀ ဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ ၃၀(က) ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် အရေးယူခံရသည့် ရဲတပ်ဖွဲ့ဝင်၏ မင်္ဂလာဆောင် ဖိတ်စာ၊ ဓါတ်ပုံများနှင့်တကွ ဖေါ်ပြလာကြရာမှ လက်ထပ်ခွင့်မတင်ဘဲ အိမ်ထောင်ပြုထားသည်ကိုပါ ထပ်မံစစ်ဆေး အရေးယူခံခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~