Covid-19 ကူးစက်ခံထားရသည့် မိုင်းလင်းဆရာတော် ကျိုင်းတုံမြို့တွင် ပျံလွန်တော်မူ

Covid-19 ကူးစက်ခံထားရသည့် မိုင်းလင်းဆရာတော် ကျိုင်းတုံမြို့တွင် ပျံလွန်တော်မူ
သြဂုတ် 26, 2021 | Covid-19| ရှမ်းရှေ့

Covid-19   တာချီလိတ်မြို့နယ် မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလသည်ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၆)ရက်နေ့ နေ့လည်(၁၂)နာရီမထိုးမီအချိန်က ပျံလွန်တော်မူသွားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာကမ္မဌာန်းကျောင်းတိုက်၏ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာဘရာဇာခူး ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလအား ရောဂါလက္ခဏာအခြေအနေကြောင့် ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က စစ်ဆေးကြည့်ရာမှ Covid-19 စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။

Covid-19 ကူးစက်ခံထားရသည့် ဆရာတော်ဘုရားကြီး၏ အခြေအနေမှာ ဆေးဝါးကုသရန်လိုအပ်သည့်အတွက် ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့က နေ့တွင်းချင်း စွမ်ဟိန်းဂူကနေ ကျိုင်းတုံမြို့ရှိ စစ်ဆေးရုံသို့ ပင့်ဆောင်ကာ ကုသပေးထားရာမှ ယနေ့တွင် ပျံလွန်တော်မူသွားခြင်း ဖြစ်သည်။

ဆရာတော်ဘုရားကြီးသည် တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ် (၁၇)မိုင် ဓမ္မဂမ္ဘီရသာသနာ့စွမ်ဟိန်းလှိုင်ဂူတော်ကြီးအတွင်းတွင် တရားအားထုတ်ခြင်း ဝါတွင်းကာလ တရားတော်များ ဟောကြားတော်မူခြင်းများဖြင့် သာသနာပြုနေရာမှာ (၁၅)လကျော် ကြာမြင့်နေပြီဖြစ်ပြီး ဓမ္မဂမ္ဘီရသာသနာ့စွမ်ဟိန်းလှိုင်ဂူတော်သို့ Covid-19 ကူးစက်မှုမြှင့်တက်နေသည့် တာချီလိတ်မြို့မှ ဒါယကာ ဒါယိကာမများ အသွားအလာများပြားကြောင်းလည်း သိရသည်။ 

ဆရာတော်ဘုရာကြီး၏ အန္တိမအဂ္ဂိ ဈာပနာအား မည်သို့ကျင်းပမည်ကို ကျိုင်းတုံမြို့တွင် ဆွေးနွေးတိုင်ပင်နေလျက်ရှိကြောင်း သိရှိရသည်။