လားဟူရိုးရာစုပေါင်းနှစ်သစ်ကူး ပွဲတော်များတွင် ရိုးရာယဉ်ကျေးမှုများ ဆက်လက် ပိုမိုဖေါ်ထုတ်သွားမည်

လားဟူရိုးရာစုပေါင်းနှစ်သစ်ကူး ပွဲတော်များတွင် ရိုးရာယဉ်ကျေးမှုများ ဆက်လက် ပိုမိုဖေါ်ထုတ်သွားမည်
ဇန်နဝါရီ 30, 2020
By Tachileik News Agency
 လားဟူရိုးရာစုပေါင်းနှစ်သစ်ကူး ပွဲတော်များတွင် ရိုးရာယဉ်ကျေးမှုများ ဆက်လက် ပိုမိုဖေါ်ထုတ်သွားမည်

လားဟူစုပေါင်းနှစ်သစ်ကူးပွဲတော်များတွင် ရိုးရာယဉ်ကျေးမှုများ ပိုမိုဖေါ်ထုတ်ကျင်းပသွားမည်ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။

"ကျွန်တော်တို့ ထူးထူးခြားခြား ပထမအကြိမ်ဆိုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ (၈) မြို့နယ်ပူးပေါင်းပြီးမှ လားဟူအားလုံးစုစည်းပြီး မနေ့က ကျွန်တော် ကျင်းပပေးခဲ့တယ်။ အခု တာချီလိတ်မှာ ကျင်းပတယ်။ ခဏနေ တောင်ကြီးသွားပြီး ခိုလမ်မှာ (၆) မြို့နယ် လားဟူစုပေါင်းနှစ်သစ်ကူးပွဲ လုပ်ဆောင်ပေးနေတယ်။ နောင်လာမယ့် နှစ်များမှာ ဒီတာချီလိတ်မှာ မြို့နယ် (၁၃) မြို့နယ် စုပေါင်းဆင်နွှဲနိုင်အောင် တိုက်တွန်း အားပေးထားပါတယ်"ဟု လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

(၁၇)ကြိမ်မြောက် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှမ်းရိုးမကွင်းတွင် ဇန်နဝါရီလ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပရာတွင် လားဟူတိုင်းရင်းသား မျိုးနွယ်စု (၆)ခု၏ ရိုးရာအိမ်များ၊ ရိုးရာဘူးပလွေအက၊ ရိုးရာမြေဝိုင်းအကနှင့် ဂုံညှင်းဒိုးပစ်ပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပခြင်းဖြစ်သည်။

တာချီလိတ်တွင် ကျင်းပပြုလုပ်သည့် ပွဲတော်၏ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်၊ စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူမှူး ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ရှမ်းပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံဘက်မှ ဖိတ်ကြားထားသူများ အပါအဝင်၊ နိုင်ငံရေးပါတီများ နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ လားဟူတိုင်းရင်းသာများ၊ ထိုင်းနိုင်ငံမှ လားဟူတိုင်းရင်းသားများ တက်ရောက် ဆင်နွှဲခဲ့ကြသည်။

လာမည့်နှစ်များတွင် ကျင်းပမည့် နှစ်သစ်ကူးပွဲများ၌ ပန်းပေါက်ခြင်းကဲ့သို့ ရိုးရာယဉ်ကျေးမှုများ ပိုမိုထည့်သွင်းနိုင်ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

"မိန်းကလေးနဲ့ ယောကျ်ားလေး ပန်းပေါက်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့ထုံးစံ အစဉ်အလာ ဖြစ်တယ်။ သမီးပျို၊ လူပျိုလေးတွေရဲ့ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ဖော်ထုတ်ထားတာဖြစ်ပါတယ်။ ဒါတွေကို လာမယ့်နှစ်တွေမှာ ဖော်ထုတ်နိုင်အောင်လို့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်"ဟု လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားဟူရိုးရာယဉ်ကျေးမှုအစဉ်အလာအရ ပန်းပေါက်ခြင်းမှာ ပစ္စည်းထည့်ထားသည့် အထုပ်ငယ်လေးများကို အိမ်ထောင်မရှိသည့် လားဟူယောကျ်ားလေးနှင့် လားဟူမိန်းကလေးတို့ နေ့ခင်းအချိန်တွင် အပြန်အလှန် ပစ်ပေါက်ပေးခြင်းဖြစ်ပြီး ယောကျ်ားလေးမှ လက်တစ်ဖက်တည်းဖြင့် ဖမ်းယူရပြီး မိန်းကလေးဖက်မှ လက်နှစ်ဖက်ဖြင့် ဖမ်းယူနိုင်ကြောင်း သိရသည်။

ဖမ်းယူရမိခြင်းမရှိပါက ယောကျ်ားလေးဖက်မှ ပါလာသည့် ဦးထုပ် သို့မဟုတ် အသုံးအဆောင်ပစ္စည်း၊ အမျိုးသမီးဖက်မှ ပါလာသည့်ပစ္စည်း ဆံညှပ် သို့မဟုတ် လက်ကိုင်ပဝါစသည့် အသုံးအဆောင်ပစ္စည်းတို့ကို တစ်ဖက်သို့ပေးရပြီး ညပိုင်းအချိန်တစ်ခုသတ်မှတ်ပြီး တွေ့ဆုံကာ ရရှိထားသည့် ပစ္စည်းများ အပြန်အလှန်လဲလှယ်သည့် ဓလေ့တစ်ခုဖြစ်ကြောင်း သိရသည်။

လားဟူတိုင်းရင်းသားများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် (၂၉) ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် (၅၉) ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် (၁၀) ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံတွင် (၂) ရာခိုင်နှုန်း ပျံ့နှံ့နေထိုင်ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~