ရှမ်း(ရှေ့)တွင် ကျန်းမာရေးက သတ်မှတ်ထားသည့်နေရာ၌သာ COVID 19 စစ်ဆေးမှ  ပြည်သူ့ဆေးရုံတွင် ကုသခွင့် ရမည်

ရှမ်း(ရှေ့)တွင် ကျန်းမာရေးက သတ်မှတ်ထားသည့်နေရာ၌သာ COVID 19 စစ်ဆေးမှ  ပြည်သူ့ဆေးရုံတွင် ကုသခွင့် ရမည်
သြဂုတ် 19, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် COVI-19 စစ်ဆေးခွင့် ပေးထားခြင်း မရှိ၍ ပြင်ပ၌  COVID-19 စစ်ဆေးပါက ပြည်သူ့ဆေးရုံတွင် ကုသခံယူခွင့်ရမည် မဟုတ်ကြောင်း သိရသည်။

ကျန်းမာရေးဌာနက တရားဝင်ခွင့်ပြုထားသော ဆေးရုံ/ဓါတ်ခွဲခန်းများကိုသာ Covid-19 စစ်၍ရပါသည်။ တာချီလိတ်တွင် ခွင့်ပြုထားသော ဆေးရုံ/ဓါတ်ခွဲခန်း မရှိပါ။ အပြင်တွင် စစ်ဆေးဓါတ်ခွဲအဖြေသည် တရားမဝင်ပါ။ တရားမဝင်သော ဓါတ်ခွဲအဖြေကိုယူ၍ ဆေးရုံတင်၍ မရပါ

ဟု ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြင်ပဆေးရုံ၊ ဆေးခန်းများအနေဖြင့် Covid-19 သံသယလူနာများတွေ့ပါက ကျိုင်းတုံပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ဖုန်း ၀၉ ၂၅၄၁၀၁၂၈၉၊ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ဖုန်း ၀၉ ၆၉၉၅၀၆၇၉၀ နှင့် ကျန်မြို့နယ်များတွင် သက်ဆိုင်ရာ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများထံ ကြိုတင်ညှိနှိုင်းပြီး လူနာလွှဲပြောင်းရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။

ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် Covid-19 စစ်ဆေး၊ ကုသခွင့်ပေးမထားသော်လည်း ပြည်သူ့ဆေးရုံနှင့် Covid-19 အတည်ပြုလူနာထားသည့် Quarantine Center များတွင် ကျန်းမာရေးဝန်ထမ်းနည်းသဖြင့် မနိုင်မနင်းဖြစ်နေကြောင်းလည်း သိရသည်။

အရင်ကလောက် မလုပ်နိုင်ပါ။ ရှိတဲ့လူနဲ့လုပ်နေကြပါတယ်။ သူတို့လုပ်သင့်တာထက် နှစ်ဆ၊ သုံးဆ လုပ်နေကြရတော့ သူတို့လည်း အရမ်းပင်ပန်းနေကြပြီ

ဟု ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်တပ်က ပြည်သူ့ဆန္ဒမဲများကို ပယ်ဖျက်၍ နိုင်ငံ့အာဏာသိမ်းခြင်းကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် အာဏာသိမ်းအဖွဲ့လက်အောက်ရှိ ဌာနများတွင် ဝန်ထမ်းအင်အားနည်းနေချိန်၌ Covid-19 တတိယလှိုင်းဖြစ်ပွားလာရာ အာဏာသိမ်းအဖွဲ့က လုံလောက်သည့် ဝန်ထမ်းအင်အား ပံ့ပိုးနိုင်ခြင်းမရှိ၍ ယခင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကဲ့သို့ နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ခြင်းမရှိဘဲဖြစ်နေကြောင်း ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။

အာဏာသိမ်းအဖွဲ့က ပြည်သူ့ဆေးရုံများတွင် လုံလောက်သည့် ဝန်ထမ်းအင်အားအပါအဝင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော်လည်း ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် CDM ကျန်းမာရေးဝန်ထမ်းများကို အလုပ်ခန့်ထားခြင်းမပြုရန် တားမြစ်ခြင်း ပြင်ပတွင် ပရဟိတ ကုသပေးနေသည့် CDM ကျန်းမာရေးဝန်ထမ်းများကို လိုက်လံဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ်သည်။