တာချီလိတ်မြို့ အပိုင်း(ဈ)အနီး ဦးစိန် နှင့် ဦးဇော်ဇော်ထွန်း လုပ်ပိုင်ခွင့်ရမြေတွင် မြေကွက်ရိုက်ရောင်းချထားသူများ လာရောက်ရှင်းလင်းရန် နောက်ဆုံး အကြိမ်အကြောင်းကြား

တာချီလိတ်မြို့ အပိုင်း(ဈ)အနီး ဦးစိန် နှင့် ဦးဇော်ဇော်ထွန်း လုပ်ပိုင်ခွင့်ရမြေတွင် မြေကွက်ရိုက်ရောင်းချထားသူများ လာရောက်ရှင်းလင်းရန် နောက်ဆုံး အကြိမ်အကြောင်းကြား
ဒီဇင်ဘာ 14, 2019
By Tachileik News Agency
တာချီလိတ်မြို့ အပိုင်း(ဈ)အနီး ဦးစိန် နှင့် ဦးဇော်ဇော်ထွန်း လုပ်ပိုင်ခွင့်ရမြေတွင် မြေကွက်ရိုက်ရောင်းချထားသူများ လာရောက်ရှင်းလင်းရန် နောက်ဆုံး အကြိမ်အကြောင်းကြား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မြို့ကွက်သစ် အပိုင်း(ဈ)အနီးတွင် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ တို့ အမည်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသည့် ဧရိယာတွင် မြေကွက်ရိုက်ရောင်းချထားသူများ အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀) နာရီ၌ ဆန်ဆိုင်း(ခ) ရပ်ကွက်ရုံးတွင် နောက်ဆုံးအကြိမ် လာရောက် ရှင်းလင်းနိုင်မည်ဖြစ်ပြီး လာရောက်ရှင်းလင်းခြင်းမရှိပါက ကန့်ကွက်လွှာများ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
"ဒီဇင်ဘာ (၁၅) ရက်နေ့ မနက် (၁၀) နာရီမှာ ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ နောက်ဆုံးအကြိမ် လုပ်မယ်။ မြေဝယ်ထားတဲ့သူတွေ အကုန်နီးပါးတက်မယ် ထင်တယ်။ နောက်ဆုံးအကြိမ်ခေါ်ပြီဆိုတော့ သူတို့ (မြေကွက်ရောင်းချထားသူများ) လာခြင်း၊ မလာခြင်းက သူတို့အပိုင်း။ ကျွန်တော်တို့က ဆောင်ရွက်စရာရှိတာ ဆက်ဆောင်ရွက်မယ်။ ဦးစိန်မောင်ရဲ့သားကလည်း မြေလက်ရောက်မရသေးတဲ့သူတွေကို လက်ရောက် အပ်ပေးခဲ့မှာပေါ့။ ပုံစံ (၁၀၅၊ ၁၀၆) ထုတ်လို့ရအောင် ဆောင်ရွက်ပေးခဲ့မယ့်သဘော"ဟု ဆန်ဆိုင်း(ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့ကွက်သစ် အပိုင်း(ဈ)အနီး ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့အမည်ဖြင့် လုပ်ပိုင်ခွင့် ရရှိထားသည့်  မြေဧက (၂၀) ပေါ်တွင် အမည်အမျိုးမျိုးဖြင့် မြေကွက်ရိုက် ရောင်းချထားသူများအနေဖြင့် မြေကွက်ဖေါ်ဆောင်ခွင့် ရထားပြီး (၁၀) နှစ်ကျော်သည်အထိ မြေကွက်အပ်နှံနိုင်ခြင်းမရှိသေးသဖြင့် မြေကွက်ဝယ်ယူထားသူများ မြေကွက်အပ်နှံနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြေကွက်ရောင်းချထားခြင်းများနှင့်ပတ်သက်၍ ဒီဇင်ဘာလ (၁၅)ရက်နေ့၌ လာရောက်ရှင်းလင်းပေးရန် ဦးဇော်ဇော်ထွန်း၊ ဒေါ်မီဂေး၊ ဦးစိုင်းထွန်းထွန်း၊ ဦးဉာဏ်ဝင်းထွန်း၊ ဦးဝင်းကျော်နှင့် ဦးမောင်လှပါ (၂၅)ဦးတို့ကို လိပ်မူပြီး ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၌ အကြောင်းကြားစာ ပေးပို့ထားသည်ကို တွေ့ရသည်။

ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ အမည်ဖြင့် လုပ်ပိုင်ခွင့် ရရှိထားသည့်  မြေဧရိယာတွင် မြေကွက်ဝယ်ယူထားသူများနှင့် မြေကွက်ရောင်းချထားသူများ တွေ့ဆုံရှင်းလင်းခြင်းကို ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်း၌  ဒီဇင်ဘာလ (၆) ရက်နေ့က ပထမအကြိမ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့က ဒုတိယအကြိမ် လုပ်ဆောင်ခဲ့ရာ မြေကွက်ရောင်းချထားသူများအနက် ဦးစိန်မောင်ဘက်မှတာဝန်ရှိသူသာ တက်ရောက်ခဲ့ပြီး ကျန်ရောင်းချသူများ တက်ရောက်ခြင်းမရှိဘဲ ကန့်ကွက်လွှာပို့ထားကြခြင်းဖြစ်ကြောင်း သိရသည်။

"မြို့နယ်က ညွှန်ကြားချက် ချထားပေးပြီးသား။ သူတို့က ရပ်ကွက်ကိုလိပ်မူပြီး ကန့်ကွက်တဲ့အတွက် ကျွန်တော်တို့က ဖြေရှင်းဖို့ခေါ်တာပေါ့။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ခေါ်ပြီးပြီ။ တတိယအကြိမ် ခေါ်လို့မလာရင် သူတို့ကန့်ကွက်လွှာကို ကျွန်တော်တို့အနေနဲ့ စဉ်းစားစရာမလိုတော့ဘူး။ မြို့နယ်က ညွှန်ကြားထားတာက စာရင်းပူးပေါင်းကောက်ပါ။ ဦးစိန်မောင်ရဲ့သားကလည်း ဆက်လုပ်မယ်ဆိုတော့ သူ့လမ်းကြောင်းနဲ့သူ ဆက်လုပ်သွားမှာပေါ့။ မြေပြင်လက်ရောက်ပေးတာတို့ ဘာတို့က ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူး"ဟု ဆန်ဆိုင်း(ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အပိုင်း(ဈ)အနီးရှိ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ လုပ်ပိုင်ခွင့်ရရှိထားသည့် မြေဧက (၂၀) ပေါ်တွင် ဦးဇော်ဇော်ထွန်း၏ Special Power ဖြင့် မြေကွက်ရောင်းချထားသူ (၅၅) ဦး၊ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းနာမည်ဖြင့် မြေကွက်ရောင်းချထားသူ (၄) ဦး၊ အဆိုပါမြေပေါ်တွင် (လန-၃၉) မရရှိချိန်က ဦးဇော်ဇော်ထွန်းနာမည်ဖြင့် မြေကွက်ရောင်းချထားသူ (၂၄) ဦး၊ (ဈ) မြေကွက်အဖြစ်အမည်တပ်ကာ မြေကွက်ရောင်းချထားသူ (၁၁) ဦး၊ ဒေါ်မီကေးမှ ဆန်ဆိုင်းတိုးချဲ့မြေအဖြစ် အမည်တပ်ကာ မြေကွက်ရောင်းချထားသူ (၁၂) ဦး၊ ဦးဟိုက်စံအမည်ဖြင့် (လန-၃၉) မရရှိချိန်က မြေကွက်ရောင်းချထားသူ (၈) ဦး၊ ခြံစောင့်ဆိုသူများက မြေကွက်ရောင်းချထားသူ (၂) ဦး၊ စုစုပေါင်း မြေကွက်ဝယ်ယူထားသူ (၁၁၆) ဦးရှိနေကြောင်း သိရသည်။

လက်ရှိရရှိထားသည့် စာရင်းများမှာ မြေကွက်ဝယ်ယူထားသူများထဲမှ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ နာမည်ပါသည့် အရောင်းအဝယ်စာချုပ်များကို စိစစ်လက်ခံနေခြင်းဖြစ်ပြီး စိုင်းထွန်းထွန်း၊ ဇော်ဝင်းထွန်း၊ ဦးစိုင်းစံ၊ ဦးယာကုတ်နှင့် ခြံစောင့်ဆိုသူများရောင်းချထားသည့် မြေကွက်များကို လက်ခံစာရင်းသွင်းထားခြင်းမရှိကြောင်း သိရသည်။

လက်ရှိစာရင်းလာပေးသူများတွင် အချို့မြေကွက်ဝယ်ယူထားသူများမှာ အကွက်အမှတ်များထပ်နေပြီး အကြိမ်ကြိမ်ပြန်လည် ရောင်းချထားသည်များကိုလည်းတွေ့ရကာ လက်ရှိတရားဝင်စာရင်းများအရ (၂၄၇) ကွက်ရှိနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~