နယ်စပ်တလျှောက် ယခင်နှစ်ကလို တာချီလိတ်မြို့တွင် တောမီးခိုးများ မသိမသာ စတင်လာနေပြီး လေထုအရည်အသွေးမှာ အနီရောင် အဆင့်ပြထား

နယ်စပ်တလျှောက် ယခင်နှစ်ကလို တာချီလိတ်မြို့တွင် တောမီးခိုးများ မသိမသာ စတင်လာနေပြီး လေထုအရည်အသွေးမှာ အနီရောင် အဆင့်ပြထား

မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက် တောမီးရှို့မှုများကြောင့် နှစ်စဉ် မတ်လရောက်တိုင်း တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် မီးခိုးများ၏ ဒဏ်ကို ခံစားလာနေရသည်ဖြစ်ရာ ယခုနှစ်တွင်လည်း မီးခိုးမြူများ၏ ဒဏ်ကို မသိမသာ စတင်ခံစားနေရပြီး မတ်လ(၃)ရက်နေ့ နံနက်ပိုင်းအထိ တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လေထုတိုင်းတာချက်မှာ အနီရောင်အဆင့်ပြထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မတ်လ(၂)ရက်နေ့ကနေ မတ်လ(၃)ရက်နေ့ နံနက်အထိ လေထုအရည်အသွေးတိုင်းတာချက်မှာ အနီရောင်အဆင့်ပြထားခြင်း ဖြစ်သည်။

ယနေ့ ထုတ်ပြန်ချက်တွင် ပြထားသည့် အနီရောင်အဆင့်မှာ လေထုအရည်အသွေးညွှန်းကိန်း(AQI)မှာ ၂၀၀ အထိဖြစ်နေပြီး သတ်မှတ် (၂၀၀)ထက် ကျော်လွန်သွားပါက ခရမ်းရောင်အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။

လေထုအရည်အသွေးမှာ အနီရောင်အဆင့် ပြထားသည့်အတွက် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ကြောင်း တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့ (၉)နာရီ မိနစ်(၅၀)ဝန်းကျင်ချိန်က အသိပေး ထုတ်ပြန်ထားသည်။

လေထုအရည်အသွေး ညစ်ညမ်းမှုများ ဖြစ်လာပါက မျက်စိစပ်ခြင်း နှင့်  လည်ချောင်းယားယံခြင်းများအထိပါ ဖြစ်လာနိုင်၍ ကျန်းမာရေးအပိုင်းကလည်း အပြင်သွားလာသူများအနေဖြင့် နှာခေါင်းစည်းများ(Mask) တပ်ထားရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးထားသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၀ခုနှစ် မတ်လအတွင်းကလည်း လေထုအရည်အသွေးမှာ အနီရောင်အဆင့်ကနေ ခရမ်းရောင်အဆင့်ကို ကျော်လွန်ပြီး နီညိုရောင်အဆင့်ထိ ရောက်ရှိခဲ့သေးသည်။