ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး ဒေသခံများ စစ်ဘေးရှောင်နေရ

ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး ဒေသခံများ စစ်ဘေးရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း နေ့စဉ် ပစ်ခတ်တိုက်ခတ်မှုများကြောင့် ပန်ကွမ်ရွာမှ လူနေအိမ်(၂၆)အိမ်ထက်မနည်း ထိခိုက်ပျက်စီး သွားသလို ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စုအတွင်း ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၁)ရက်နေ့ကစ၍ ဩဂုတ်လ(၁၇)ရက်နေ့အထိ  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်းတပ်မတော် (PSLF/TNLA)ပူးပေါင်းတပ်တို့အကြားဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်များ ထိခိုက်ပျက်စီးသလို ဒေသခံများမှာလည်း နေအိမ်များကို ပစ်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးသလို မီးရှို့ခံရမှုများလည်းရှိကြောင်းနှင့် ပန်ကွမ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင်လည်း ယခုလို ပျက်ဆီးဆုံးရှုံးမှုများနှင့်အတူ တိုက်ပွဲရှောင်များစွာရှိနေကြောင်း သိရသည်။

ထိတာတော့ အများကြီးပဲ။ စာရင်းပြုစုထားမိတာက (၂၆)အိမ်။ ဒီနောက်ပိုင်း ထိတာလည်း အများကြီးပဲ။ သွားမကြည့်နိုင်ဘူးလေ။ ပစ်နေကြတာဆိုတော့။ အခုလည်း ပစ်ခတ်သံတွေ တချက်တချက် ကြားနေရတယ်

ဟု ရွာခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်းတပ်မတော် (PSLF/TNLA)ပူးပေါင်းတပ်တို့အကြား မကြာခဏမှစ၍ နေ့စဉ်နီးပါး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျေးရွာနေပြည်သူများမှာ နီးစပ်ရာ ကျေးရွာများအပြင် ကျောက်မဲမြို့ပေါ်အထိပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: Shwe Phee Myay