ကျောက်မဲမြို့နယ်အတွင်း TNLA, SSPP နှင့် RCSS တို့ကြား တိုက်ပွဲများကြောင့် ဒဏ်ရာရ အရပ်သားများကို ကျေးရွာတွင် ကုသပေးနေ

ကျောက်မဲမြို့နယ်အတွင်း TNLA, SSPP နှင့် RCSS တို့ကြား တိုက်ပွဲများကြောင့် ဒဏ်ရာရ အရပ်သားများကို ကျေးရွာတွင် ကုသပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ( ၁၇ ) ရက် နံနက်အစောပိုင်းကတည်းက စတင်သည့် TNLA , SSPP နှင့် RCSS တို့ကြား  တိုက်ပွဲများကြောင့် ပန်လင်ကျေးရွာမှ အရပ်သား (၃) ဦး ဒဏ်ရာရရှိထားပြီး ကျေးရွာတွင်ပင် ကုသပေးနေရကြောင်းသိရသည်။

မနက် (၅)နာရီလောက်ကတည်းက စပြီးဖြစ်နေတာပါ၊ နေ့လည် (၁၂)နာရီအထိ ပစ်ခတ်သံတွေကြားနေရသေးတယ်။ ဒဏ်ရာရထားသူတွေကို ရွာမှာပဲပြုစုပေးထားရတယ်

ဟု ပန်လင်ကျေးရွာဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ပန်ကွမ်ကျေးရွာနှင့် လွယ်ကုန်ကျေးရွာအကြား ပန်ကွမ်ရွာဖက်မှ ဆုတ်လာသော အဖွဲ့ကို ကျန်တစ်ဖွဲ့က စောင့်ဆိုင်းတိုက်ခိုက်သည့်အတွက်  နေ့လယ်ပိုင်းအထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃) ဖွဲ့ကြား တိုက်ခိုက်မှုများ ဩဂုတ်လ (၁၂)ရက်နေ့က စတင်ဖြစ်ပွားခဲ့ရာ အနီးဝန်းကျင်ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ယင်းအပြင် ဩဂုတ်လ (၁၅) ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ပန်ဆန်ကျေးရွာအနီး လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်သဖြင့် ပန်ဆန်ကျေးရွာမှဒေသခံများမှာ အနီးနားရှိ ကြူရှော(မြောက်ပိုင်း)ရွာသို့ တိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ကြူရှောရွာမှာပင်နေထိုင်နေကြဆဲဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ပန်ကွမ်ကျေးရွာ၊ ပန်ဖြတ်ကျေးရွာ၊ လွယ်ကုန်ကျေးရွာ၊ ပန်ဆန်ကျေးရွာ စသည်တို့ အနီးတစ်ဝိုက်တွင် ဩဂုတ်လဆန်းပိုင်းမှစတင်၍ RCSS/SSA နှင့် တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲများ အကြိမ်ရေ အများအပြားဖြစ်ပွားနေကြသည့်အတွက် စစ်ဘေးတိမ်းရှောင်နေကြသည့်ဒေသခံ စုစုပေါင်း( ၉၀၀ )ကျော်အထိ ရှိနေပြီဖြစ်သည်။

#TachileikNewsAgency