မူဆယ် - ကျယ်ဂေါင်နယ်စပ်တွင် တရုတ်ကုန်သည်များ ဆန္ဒပြသော်လည်း နှစ်နိုင်ငံကုန်တင်ယာဉ် အဝင်အထွက် ပြောင်းလဲခြင်း မရှိ

မူဆယ် - ကျယ်ဂေါင်နယ်စပ်တွင် တရုတ်ကုန်သည်များ ဆန္ဒပြသော်လည်း နှစ်နိုင်ငံကုန်တင်ယာဉ် အဝင်အထွက် ပြောင်းလဲခြင်း မရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ မူဆယ် - ကျယ်ဂေါင်နယ်စပ်ဂိတ် မန်ဝိန်းဂိတ်ပေါက်၏ တရုတ်ဘက် အခြမ်းတွင် တရုတ်ကုန်သည်များက ကန့်ကွက်ဆန္ဒပြ၍ နယ်စပ်အဝင်အထွက် တစ်နာရီဝန်းကျင်ခန့် ရပ်တန့်ခဲ့ရသော်လည်း ကုန်တင်ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။



“ပုံမှန်အတိုင်းထက် သိပ်မကွာပါဘူး။ တစ်ရက်ကို အစီး (၂၀၀) ကနေ (၂၅၀)အထိပဲရှိပါတယ်။ ဒီနေ့လည်း အဲဒီကိစ္စဖြစ်ပြီးတော့ အဲဒီအတိုင်းပါပဲ။ ပုံမှန်ပါပဲ ”ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း (မူဆယ်) မှ အသင်းဥက္ကဌ ဦးဝင်းအောင်ခန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



မြန်မာ - တရုတ်နယ်စပ် မန်ဝိန်းဂိတ်အဝင်ပေါက်အား တရုတ်ကုန်သည် ခန့်မှန်းဦးရေ (၁၀၀) ကျော်ခန့်က ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပိတ်ဆို့ထားသည့်အတွက် နှစ်နိုင်ငံကုန်တင်ယာဉ်များ အဝင်အထွက် ခေတ္တရပ်နားထားခဲ့ရခြင်းဖြစ်သည်။



“သူတို့ကားတွေ နှစ်နိုင်ငံဝင်ပေါက်ကို ဖြတ်သန်းရဖို့ စောင့်ရတာ ရက်ပေါင်း (၂၀) ကျော်လောက်ကြာလို့ဆိုပြီး တရုတ်ဘက်က (၆) ဘီးယာဉ်မောင်းတွေက ဆန္ဒထုတ်ဖေါ်ကြတာပါ။ ဒီဘက် မြန်မာဘက်နဲ့တော့ မဆိုင်ပါဘူး” ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း (မူဆယ်) မှ အသင်းဥက္ကဌ ဦးဝင်းအောင်ခန့်က ပြောသည်။



မြန်မာ - တရုတ်နယ်စပ် မူဆယ် - ကျယ်ဂေါင်တွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံ ကုန်တင်ယာဉ်များကို ယာဉ်မောင်းလဲလှယ်မောင်းနှင်စေသည့်စနစ်ကို ကျင့်သုံးနေခြင်းဖြစ်ရာ မော်တော်ယာဉ် အဝင်အထွက်ကြန့်ကြာမှုများဖြစ်နေခြင်းဖြစ်သည်။



Tachileik News Agency

သတင်း - နေဖြိုးမြင့်

ဓာတ်ပုံ - U Paw U Paw

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...