တာချီလိတ်မြို့တွင် Online Game ၌ အလုပ် လုပ်နေသည့် ထိုင်းအမျိုးသမီးတစ်ဦးထံက Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် Online Game ၌ အလုပ် လုပ်နေသည့် ထိုင်းအမျိုးသမီးတစ်ဦးထံက Covid-19 ပိုးတွေ့
ဇွန် 28, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် အနံ့ပျောက်နေ၍ Covid-19 လာရောက် စစ်ဆေးရာက ထိုင်းအမျိုးသမီးတစ်ဦးတွင် Covid-19 တွေ့ရှိကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ပုန်းထွန်(၁)လမ်းရှိ ရွှေရည်မြင့်မိုရ် မိုတယ်တွင် Online Game လုပ်ငန်း လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား စုံတွဲတစ်တွဲသည် နေမကောင်းဖြစ်နေပြီး အနံ့ပါ ပျောက်နေ၍ ဆေးရုံဟောင်းအတွင်းသို့ သွားရောက်၍ စစ်ဆေးရာက ထိုင်းအမျိုးသားတွင် Covid-19 ပိုးမတွေ့ရှိရသော်လည်း ထိုင်းအမျိုးသမီးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။ 

 ရွှေရည်မြင့်မိုရ် မိုတယ်တွင် Online Game အလုပ် လုပ်နေသည့် ဝန်ထမ်းပေါင်း ခန့်မှန်း (၄၀)ဝန်းကျင်ရှိမည်ဟု ပုန်းထွန်(၁)လမ်းတွင် နေထိုင်သူများက ခန့်မှန်းထားသည်။

Covid-19 ပိုးတွေ့လူနာနှင့်ပတ်သက်၍ ရက်ပိုင်းအတွင်း ၎င်းတို့ သွားလာခဲ့သည့် စားသောက်ဆိုင်များ နှင့် နေရာများကို သက်ဆိုင်ရာများက လမ်းကြောင်းလိုက်နေပြီး Lockdown သတ်မှတ်ရန်အတွက် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ပိုးတွေ့လူနာသည် တာချီလိတ်တွင် အနေကြာထားသူဖြစ်ပြီး တာချီလိတ်မြို့ကလွဲ၍ အခြားဒေသသို့ ယခုလအတွင်း ခရီးသွားလာခြင်း မရှိသူဖြစ်ကြောင်းနှင့်  အွန်လိုင်းဂိမ်းအလုပ်ကိုသာ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

Covid-19 ပိုးတွေ့ အမျိုးသမီးအား တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်းရှိ Covid-19 သီးသန့်ကုသဆောင်တွင် ထားရှိကြောင်း သိရသည်။

#TachileikNewsAgency