တာချီလိတ်ကို ကျော်လွန်ပြီး ချစ်ကြည်ရေးတံတား(၁) ထိပ် မယ်ဆိုင်အဝင်တွင် ထိုင်းစစ်ဆေးရေးအဖွဲ့က မူးယစ်ဆေးဝါး ဖမ်းမိ

တာချီလိတ်ကို ကျော်လွန်ပြီး ချစ်ကြည်ရေးတံတား(၁) ထိပ် မယ်ဆိုင်အဝင်တွင် ထိုင်းစစ်ဆေးရေးအဖွဲ့က မူးယစ်ဆေးဝါး ဖမ်းမိ
ဖေဖော်ဝါရီ 3, 2024 | မူးယစ်ဆေး| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြန်မာ  - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ် ထိုင်းဘက်တွင် မြန်မာစစ်ဆေးရေးအဖွဲ့ကို ကျော်လွန်လာပြီး သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို  ထိုင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က မြန်မာ  - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ် ထိုင်းအဝင် မယ်ဆိုင်ဘက် ကား/ဆိုင်ကယ်များ သွားသည့်နေရာတွင် သုံးဘီးဆိုင်ကယ်ငှားရမ်းလာပြီး  မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် (၂)ဦးသည် ထိုင်းစစ်ဆေးရေးအဖွဲ့ကို တွေ့၍ သုံးဘီးဆိုင်ကယ်ပေါ်က ဆင်းပြီး လမ်းလျှောက်သွားပြီးနောက် စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုကို ခံရမည်ကိုသိ၍ မူးယစ်ဆေးဝါးအထုပ်ကို ပန်းပင်အိုးတွင် လွှင့်ပစ် ထားလိုက်ကြောင်း သိရသည်။

 MAESAIPRESS

သုံးဘီးဆိုင်ကယ်ပေါ်ကနေ ဆင်းပြီး လမ်းလျှောက်သွားသည်ကို  ထိုင်းစစ်ဆေးရေးအဖွဲ့က မသင်္ကာ၍ လိုက်သွားကြည့်ပြီး သစ်ပင်ပန်းအိုးအတွင်း ရှာဖွေရာ လွှင့်ပစ်ထားသည့် ပန်းရောင်အိတ်ထဲမှ စုစုပေါင်းအလေးချိန် (၁၀၄)ဂရမ်ရှိသည့် ကက်တမင်း မူးယစ်ဆေးဝါးကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

 MAESAIPRESS

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် (၂)ဦးအနက် ထိုင်းနိုင်ငံသူ အမျိုးသမီးကို စစ်ဆေးရာတွင် ၎င်းအနေဖြင့် 1G1 ဟိုတယ်တွင် PR အလုပ် လုပ်ကိုင်သူဖြစ်ပြီး ယခု မူးယစ်ဆေးဝါးကို ၎င်း၏ သူငယ်ချင်းဖြစ်သူက ထိုင်းဘတ်ငွေ (၂၉,၀၀၀)ဘတ်ဖြင့် ဝယ်ယူပြီး ၎င်းအား ထိုင်းဘက်သို့ သယ်ဆောင်ခိုင်းသွားခြင်းဖြစ်ကြောင်း ကနဦး ထွက်ဆိုကြောင်း သိရသည်။

 MAESAIPRESS

ဆက်လက်၍ ထိုင်းစစ်ဆေးရေးအဖွဲ့က  မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိမရှိ စစ်ဆေးရန်အတွက် အဆိုပါ ထိုင်းစုံတွဲ (၂)ဦးအား မယ်ဆိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ကြောင်းနှင့် ခိုင်မာသည့် ထွက်ဆိုချက်များရယူပြီး အမှုဖွင့်အရေးယူရန် လုပ်ဆောင်နေသည်ဟု သိရသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား  မြန်မာ  - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်တွင် မြန်မာဘက်၌ မူးယစ်တပ်ဖွဲ့စု(၃၀)၊ လူကုန်တားရဲတပ်ဖွဲ့၊ လဝက၊ စရဖ(စရတ)၊ သတင်းရဲတပ်ဖွဲ့ (Special Branch) စသည့် ပူးပေါင်းအဖွဲ့များ ရှိသော်လည်း မြန်မာဘက်တွင် ငွေကြေးကောက်ခံရေးသာ အဓိက ဦးစားပေးလုပ်ဆောင်သော်လည်း ထိုင်းဘက် အဝင် ထိုင်းပူးပေါင်းအဖွဲ့တို့သည် ငွေကြေးကောက်ခံရေးအပြင် စစ်ဆေးမှုများကိုပါ စစ်ခွေး၊ ရဲခွေးများ အသုံးပြုပြီး စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။

 

Photo: MAESAIPRESS