တာချီလိတ်မြို့တွင် Covid-19 ကာလအတွင်း တတိယအကြိမ်အဖြစ် (၃)လတာ အိမ်သုံးမီတာ လျှပ်စစ်အသုံးပြုခ လျှော့ချကောက်ခံမည်

တာချီလိတ်မြို့တွင် Covid-19 ကာလအတွင်း တတိယအကြိမ်အဖြစ် (၃)လတာ အိမ်သုံးမီတာ လျှပ်စစ်အသုံးပြုခ လျှော့ချကောက်ခံမည်
နိုဝင်ဘာ 17, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 ကာလအတွင်း တတိယအကြိမ်အဖြစ် (၃)လတာ အိမ်သုံးမီတာ လျှပ်စစ်အသုံးပြုခ  လျှော့ချကောက်ခံမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာလ တတိယအကြိမ် မီတာခလျှော့ချကောက်ခံခြင်းအဖြစ် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ (၃) လတာကာလအတွင်း အိမ်သုံးမီတာများအား တစ်ယူနစ်လျှင် (ဝ.၃၅) ဘတ်လျှော့ချကောက်ခံမည်ဖြစ်သည်။
"ဟိုတစ်နေ့က လျှပ်စစ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံလာတော့ COVID ကာလအတွင်း ပြည်သူအတွက် ဘယ်လိုထပ်စီစဉ်ပေးမလဲဆိုတာပြောတော့ မြို့မီးလင်းရေးကော်မတီအနေနဲ့ မီးလင်းရေးရုံးခွဲက ဦးမင်းနိုင်တို့နဲ့ ညှိနှိုင်းပြီးတော့ အခုလိုလျှော့ချပေးဖို့ သဘောတူဆုံးဖြတ်လိုက်တာပေါ့နော်။ အခုက တတိယအကြိမ်မြောက်ဖြစ်လာပြီပေါ့။ အဓိက ကတော့ အများပြည်သူအသုံးပြုတဲ့ အိမ်သုံးမီတာတွေကိုပဲ လျှော့ချတာပေါ့။ လုပ်ငန်းသုံး ပါဝါမီတာတွေတော့ မပါဘူးပေါ့။ ဒီ(၃)လပြီးသွားရင်လည်း COVID ကာလအခြေအနေကိုကြည့်ပြီး နောက်ထပ် ထပ်ပြီးညှိနှိုင်းဆွေးနွေးကြရမှာပေါ့။ နောက် အိမ်ငှားတွေကိုလည်း မီတာခသတ်မှတ်နှုန်းထားအတိုင်း ကောက်ခံကြဖို့ အိမ်ရှင်၊ ဆိုင်ရှင်တွေကို မေတ္တာရပ်ခံထားတော့ တစ်ချို့လည်း လုပ်ပေးလာကြတာတွေရှိပါတယ်။ ကျန်တဲ့သူတွေလည်း ကျန်နေတုန်းဆိုတော့ ထပ်ပြီးတိုက်တွန်းတာတွေ လုပ်ဖို့တော့ရှိပါတယ်"ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း မီးလင်းရေး (၁)နှင့် (၂)အပိုင်းအားလုံးတွင် အိမ်သုံးမီတာ (ရိုးရိုး)ကို အသုံးပြုသူများအနေဖြင့် နိုဝင်ဘာလတွင် စတင်သုံးစွဲသည့်ယူနစ်များမှစ၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း သုံးစွဲသည့်ယူနစ်များကို တစ်ယူနစ်လျှင် (၅.၃၅) ဘတ်အစား တစ်ယူနစ်လျှင် (၅)ဘတ်တိတိသာ ကောက်ခံမည်ဖြစ်သည်။
ယင်းကဲ့သို့လျှော့ချပေးခြင်းတွင် လုပ်ငန်းသုံး ပါဝါမီတာနှင့် ထရန်စဖော်မာသုံးစွဲသည့် လုပ်ငန်းများ မပါဝင်ကြောင်း သိရသည်။
တာချီလိတ်မြို့ မီးလင်းရေးကော်မတီအနေဖြင့် COVID 19 ကာလအတွင်း အိမ်သုံးမီတာများမှ လျှပ်စစ်မီတာခလျှော့ချပေးခြင်းကို တစ်ကြိမ်လျှင် (၃)လစီဖြင့် နှစ်ကြိမ်လျှော့ချပေးထားပြီးဖြစ်သည်။
ယင်းအပြင့် အိမ်ရှင်၊ ဆိုင်ခန်းပိုင်ရှင်များက အိမ်ခန်းငှား၊ ဆိုင်ခန်းငှားများထံမှ လျှပ်စစ်မီတာခကို မြို့မီးလင်းရေးကော်မတီက သတ်မှတ်ထားသည့် နှုန်းထားထက် ပိုမိုကောက်ခံနေကြခြင်းအား ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် မီးလင်းရေးကော်မတီက မေတ္တာရပ်ခံထားသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~